တက္ကသိုလ်ပညာ ဆည်းပူးတဲ့ မြန်မာဒုက္ခသည်ဦးရေ အမေရိကန်မှာတိုး

(ဓာတ်ပုံ - Burmese American Community Institute Inc)

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်းဟာ ၂၀၀၀ ခုနှစ်ထဲကစလို့ ၁ သိန်း ၃ သောင်းကျော်ရှိပြီလို့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းကူညီရေး BACI အဖွဲ့က ပြောပါတယ်။

အဲဒီလို အခြေချလာကြတဲ့ ဒုက္ခသည်တွေထဲမှာ အထက်တန်းအောင်လို့ တက္ကသိုလ်-ကောလိပ်အဆင့် ပညာရေးကို ဆက်ပြီး သင်ကြားကြသူ အရေအတွက်ကလည်း ၂၀၁၄ ခုနှစ်ထဲမှာ သိသိသာသာ များလာတယ်လို့ BACI အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်း အလီဆာ ဗာနီ က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

ဘာကြောင့် အခုလိုများလာသလဲ၊ ဘယ်လိုဘာသာရပ်တွေမှာ သင်ကြားကြတာများသလဲ ဆိုတာကိုသိရဖို့ မစုမြတ်မွန်က စစ်တမ်းကောက် လေ့လာထားတဲ့ ဆလိုင်း အလီဆာ ဗာနီကို ဆက်သွယ်မေးမြန်းထားပါတယ်။

အရင်ဆုံး အမေရိကန်မှာ ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေနဲ့ ပတ်သက်လို့ သူတို့လုပ်တဲ့ စစ်တမ်းအကြောင်း မေးတဲ့အခါ ဆလိုင်းအလီဆာက အခုလို စဖြေပါတယ်။
“ကျနော် research လုပ်တာတော့ အမေရိကန်မှာရောက်နေတဲ့ မြန်မာကနေ ပြီးတော့မှ ဝင်လာတဲ့ ဒုက္ခသည်အကုန်လုံးရဲ့ လူဦးရေကို လုပ်တာဖြစ်တယ်။ ဒါပေမဲ့လို့ ကောလိပ်တက်သွားတဲ့ ရာခိုင်နှုန်းတွေ၊ High School ပြီးသွားတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ နံပါတ်တွေကိုတော့ ကျနော်တို့ ဒီ central အင်ဒီးယားနားပြည်နယ်ကိုပဲ လုပ်သွားတာဖြစ်တယ်။”


မေး။ ။ ဒီ research ထဲမှာပါတာကို ပြန်ပြီးကောက်ရမယ်ဆိုရင် အဲ့ဒီ ဗမာပြည်က ရောက်လာကြတဲ့ ဒုက္ခသည်တွေ အသိုင်းအဝိုင်းထဲမှာ ၁၂ တန်းအောင် အထက်တန်းကျောင်း အောင်ပြီးတော့ ကောလိပ်သွားတဲ့သူ အရေအတွက်ကလည်း တက်လာတယ်လို့ ပြောပါတယ်ရှင့်။ ဘယ်လောက်အရေအတွက်ထိ တက်လာတာလဲ။ ဘယ်လိုနေရာတွေမှာ တိုးလာတာကို တွေ့ရသလဲဆိုတာကိုလည်း သိချင်ပါတယ်ရှင့်။
ဖြေ။ ။ “ဟုတ်ကဲ့ပါ။ ကျနော်တို့ ဒီ Central Indiana မှာ High School တွေမှာ တက်နေတဲ့ ကျနော်တို့ မြန်မာပြည်သူပြည်သားလေးတွေ သူတို့ High School ပြီးသွားတဲ့အချိန်မှာ ကြည့်မယ်ဆိုလို့ရှိရင် ၂၀၀၂ တုန်းကဆိုရင် သူတို့ ၄၃ ရာခိုင်နှုန်းပဲ ကောလိပ်သွားတာရှိတယ်။ ၂၀၀၃ မှာဆိုရင် နည်းနည်းတက်သွားတယ်။ ၅၇ ရာခိုင်နှုန်းတက်သွားတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ကျနော်တွေ့ရှိချက်အရဆိုရင် ၇၂ ရာခိုင်နှုန်းက သူတို့ ကောလိပ်ကို ဆက်သွားဖို့ရာ စီစဉ်ထားတယ်။ ဆိုတော့ တော်တော်လေး တက်သွားတယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ အားရစရာလည်း ကောင်းတာပေါ့လေ။ ဒီ နှစ်နှစ် သုံးနှစ်အတွင်းမှာ ၄၃ ရာခိုင်နှုန်းလောက် တက်သွားတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”

(ဓာတ်ပုံ - Burmese American Community Institute Inc)

မေး။ ။ အဲ့ဒီလို တက်သွားရတာကရော ဘယ်လိုကြောင့်လို့ အဓိက တွေ့ရပါသလဲရှင့်။
ဖြေ။ ။ “ဒီဟာ ကျနော်တို့ ဝိုင်းဝန်းပြီးတော့မှ သူတို့ High School, normal school study လို့ ကျနော်တို့ ပြောရမှာပေါ့လေ။ ဒီ High School မှာ သူတို့တက်တာတင် မကဘဲနဲ့ အပြင်မှာ ကျနော်တို့ After School Programs တွေပြီးတော့မှ English instructions တွေ၊ SLT အမျိုးမျိုးနဲ့ Leadership Skill, Life Skill ဆိုပြီးတော့မှ ကျနော်တို့ သင်ပေးတာတွေလည်းရှိတယ်။ ဥပမာ ကျနော်တို့ BACI Burmese American Community Institute တင်မကဘဲနဲ့ ကျနော်တို့ရဲ့ partners တွေနဲ့ ဝိုင်းဝန်းပြီးတော့မှ ကျောင်းတွေနဲ့ ဝိုင်းဝန်းပြီးတော့မှ ကျနော်တို့ အလုပ်လုပ်သွားတာ ဖြစ်တယ်။ အဲ့ဒါကြောင့်လည်း တော်တော်များများပါတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”


မေး။ ။ အဲတော့ သေချာအောင် ကျမတခုမေးချင်တာက ကောလိပ်တက်တယ် ဆိုတာက ကောလိပ်ဆိုတာ အသက်မွေးဝမ်းကျောင်း ကောလိပ်ကို သွားတာလား၊ တက္ကသိုလ်သွားတာလား၊ တက္ကသိုလ်ရော ကောလိပ်ရောသွားတာလား အဲ့ဒီနှစ်ခုကိုရော ရှင်းပြပါဦးရှင့်။
ဖြေ။ ။ “ဟုတ်ကဲ့ ဒီ post-secondary education လို့ ပြောရင်လည်း မမှားပါဘူးထင်တယ်။ ကောလိပ်ဆိုတဲ့နေရာမှာ နှစ်နှစ် Associate Degree လည်းပါတယ်။ ပြီးတော့မှ လေးနှစ် Bachelor Degree လည်းပါတယ်။ ပြီးတော့မှ အဲ့ဒီမှာ လေးနှစ်တင်မကဘဲနဲ့ Master တွေ၊ Advanced Degree Doctorate အထိကို University တွေမှာလည်း သူတို့သွားတာများပါတယ်။ အကုန်လုံး ဝိုင်းချုံပြီးတော့ ပြောမယ်ဆိုရင်တော့ High School ပြီးပြီးတော့မှ Secondary Education, Higher Education တွေမှာ သွားနေတဲ့ population တွေကိုပဲ ကျနော်တို့ ပြောနိုင်တာဖြစ်ပါတယ်။”


မေး။ ။ သူတို့ အဲ့လိုသွားတဲ့အခါမှာ ဘယ်လိုဘာသာရပ်တွေကို အဓိက စိတ်ဝင်တစား ဘာသာရပ် မေဂျာအနေနဲ့ ယူကြတာကို တွေ့ရလဲရှင့်။
ဖြေ။ ။ “တော်တော်များများ ကျနော်တို့ မြန်မာပြည်ကနေ ရောက်လာတဲ့သူတွေက Engineering နဲ့ Medical နဲ့ ပြီးတော့မှ Science တွေမှာ သူတို့ဝါသနာပါတာ မေဂျာယူတာ များတယ်လို့ ကျနော်တော့ အခုတလော တွေ့ရှိချက်အရဆိုရင် အဲ့ဒီလိုမျိုးတွေပဲ များနေတယ်။”


မေး။ ။ ဟုတ်ကဲ့ပါ ဆိုတော့ အဲ့ဒီလိုသွားတဲ့အခါမှာရော တကယ်ပဲ ကျောင်းကို ဆုံးခန်းတိုင်အောင် တက်ကြတဲ့ ပမာဏရော အားလုံး ကျောင်းကိုပြီးအောင် တက်ကြတယ်လို့ ပြောလို့ရလား။ အဲ့ဒီပမာဏကိုရော လေ့လာတဲ့အထဲမှာ ပါပါသလား။
ဖြေ။ ။ “ဟုတ်ကဲ့ အဲ့ဒါကို လေ့လာတဲ့နေရာမှာ ကျနော် ထည့်ထားပါတယ်။ ၂၀၀၂-၂၀၀၃ ကနေသွားတဲ့ High School ပြီးပြီးတော့မှ ကောလိပ်ဝင်သွားတဲ့ သူတို့ ကောလိပ်မှာ ဆက်နေသလားဆိုတဲ့ဟာကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံး ပြန် study လုပ်ထားပါတယ်။ ၁၀၀ မှာ ၉၅ ရာခိုင်နှုန်းက အခုထိ ကောလိပ်မှာ သူတို့ ဆက်တက်နေတယ်။ Degree လည်း ရသွားမယ်လို့ ကျနော်တော့ မျှော်လင့်ထားပါတယ်။ ပြီးတော့မှ ဒီဟာကိုလည်း ဆက်လုပ်ဖို့ရာ တနှစ်တခါ Research ဆက်လုပ်ဖို့ရာ ကျနော်တို့ စီစဉ်ထားပါတယ်။”


BACI အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်း အလီဆာ ဗာနီကို မစုမြတ်မွန် ဆက်သွယ် မေးမြန်းခဲ့တာပါ။ ၂၀၀၀ ခုနှစ်ထဲက အမေရိကန်မှာ အခြေချတဲ့ ဒုက္ခသည်ပေါင်းက ၁ သိန်း ၃ သောင်း ၂ ထောင် ၂ ရာ ၃ ဆယ် ၁ ယောက်ရှိနေပြီး အဲဒီထဲမှာ ကရင်နဲ့ ကရင်နီလူမျိုးက ၆ သောင်းကျော်နဲ့ ချင်းလူမျိူးက ၄ သောင်းကျော် ရှိပါတယ်။