တောင်ဒဂုံစက်မှုဇုံ အထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုဖြစ်

တောင်ဒဂုံစက်မှုဇုံ အထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း စက်မူဇုံ (၁) SGI အထည်ချုပ်စက်ရုံ (၁) နဲ့ (၄) က ထောင်နဲ့ချီတဲ့အလုပ်သမားတွေဟာ လုပ်အားခနဲ့ အချိန်ပိုလုပ်ခငွေ နည်းပါးတဲ့အတွက် အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာထိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီပြဿနာကို ဘယ်သူတွေက ကြားဝင်ဖြေရှင်းပေးနေသလဲ၊ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို မအေးမာက သတင်းပေးပို့ထားပါတယ်။

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း စက်မူဇုံတွေဟာ မကြာခဏဆိုသလို လုပ်အားခ ပြဿနာတွေအတွက် ဆန္ဒပြမူတွေအရင်ကတည်းက ဖြစ်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ လုပ်အားခလစာ တိုးပေးဖို့အတွက် ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း အလုပ်သမားရေးလုပ်နေသူတဦးက အခုလိုပြောပြပါတယ်။

“ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုံ (၁)မှာရှိတဲ့ SGI အထည်ချုပ်စက်ရုံကနေပြီးတော့ ကျနော်တို့ မနက်အလုပ်ချိန် ၇ နာရီကတည်းကနေ စက်ရုံ (၁) နဲ့ (၄) က အလုပ်သမားတွေပေါင်းပြီးတော့ အလုပ်သမား ၇ ထောင်လောက်ကနေ သူတို့လစာတွေ နည်းတဲ့အတွက် ဆန္ဒပြတောင်းဆိုကြတယ်။ သူတို့ လမ်းလျှောက်ခြင်း၊ အော်ဟစ်ခြင်း လုံးဝမရှိဘဲနဲ့ ငြိမ်သက်စွာနဲ့ သူတို့ရဲ့လုပ်ခတိုးသွားဖို့အတွက်ကို အလုပ်ခွင့်ကိုမဆင်းဘဲနဲ့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာပါ။ သူတို့က တလကို ၆ သောင်းလောက်ဆီပဲ ရကြတယ်။ ဆိုတော့ သူတို့အနေနဲ့ စားဝတ်နေရေးမလုံလောက်တဲ့အတွက် ၇ သောင်းခွဲအထိ ထပ်တိုးတောင်းတယ်။ အလုပ်သမား ဖယ်ရီကားတွေနဲ့ အခုချိန်မှာတော့ ကားပေါ်မှာပြန်တက်ပြီး လူပြန်စုနေပြီခင်ဗျ။ တချို့လည်း အလုပ်သမားတွေ ကုန်းကြောင်းလျှောက် ပြန်လာနေကြတယ်ခင်ဗျ။”

သူတို့တောင်းဆိုခဲ့တာကတော့ လုပ်အားခလစာတိုးမြင့်ပေးဖို့အတွက် အဓိက ဖြစ်တယ်လို့ဆိုပါတယ်။ အလာတူးပဲ ပဲခူးတိုင်း ပဲခူးမြို့နယ် ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာအနီးက Cap 1 ဦးထုတ်ချုပ်စက်ရုံ အလုပ်သမား ၅၅ ယောက်ဟာလည်း ပြီးခဲ့တဲ့ဇွန်လအတွင်းကပဲ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံတွေမှာတော့ မကြာခဏ ဆန္ဒပြလေ့ရှိပြီး အာဏာပိုင်တွေအနေနဲ့ ကြီးမားတဲ့ဆန္ဒပြမူမဖြစ်အောင် လာရောက်ဖြေရှင်းပေးကြလေ့ရှိပါတယ်။ ဒီနေ့မှာလည်း အာဏာပိုင်တွေဘက်က လာရောက်ပြီး ဖြေရှင်းမူတွေ လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။