ထိုင်းနိုင်ငံ အနောက်ဘက် Tak ခရိုင်အတွင်း ယာဉ်မတော်တဆဖြစ်ရာက ကားပေါ်မှာ လိုက်ပါလာသူတွေထဲက မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦးထက်မနည်း သေဆုံးသွားပါတယ်။ ဒါဟာဆိုရင် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ MoU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ သွားကြရင်း ယာဉ်မတော်တဆမှုကြောင့် တလအတွင်း ဒုတိယအကြိမ်မြောက် မြန်မာအလုပ်သမားတွေ အများအပြား သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ ချာချင်ဆောင် ပြည်နယ်ထဲမှာရှိတဲ့ ကွန်ပြူတာပစ္စည်း ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ဖို့ မဲဆောက်ကဆင့် သွားနေကြတဲ့ မြန်မာအလုပ်သမား ၂၀၀ ကို ကား ၄စီးနဲ့ တင်ဆောင်လာစဉ် တစီးက လမ်းခုလတ်မှာ ကားဘီးပေါက်ပြီး လမ်းဘေးကို ထိုးကျ၊ တိမ်းမှောက်ခဲ့တာပါ။ အဲဒီလို မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား ၆ဦးသေဆုံးခဲ့ပြီး ၅ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကေ ေုပာပါတယ်။
" ၆ယောက် ဆုံးတယ်ပေါ့။ ၃၃ယောက်က ထိခိုက် ပွန်းရှရုံပဲ။ ဘာမှ သိပ်မဖြစ်ဘူးဘဲ ပြောရမှာပေါ့။ ကျန်တဲ့လူ ၁၂ယောက်က ဆေးရုံမှာ တင်ထားရတယ်။ ၅ယောက်ကတော့ နည်းနည်းမေဂျာ issue နည်းနည်း ဒဏ်ရာပြင်းတယ်။"
လောလောဆည်မှာတော့ ရဲတွေက စစ်ချက်ယူနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
Your browser doesn’t support HTML5
" Royal golden Mandalay ကနေ ချာချင်ဆောင်မှာရှိတဲ့ ကွန်ပြူတာပစ္စည်း စက်ရုံကို လူ ၂၀၀ တက်လာတယ်။ ကား ၄စီးနဲ့။ အဲဒီထဲက ကားတစီးက မှောက်တာပေါ့။ ဒုတိယတဆင့်ကတော့ ကားကြောင့်ဖြစ်တာလား၊ လူကြောင့်ဖြစ်တာလား၊ ရဲနဲ့ စစ်နေ၇တာပေါ့။ လောလောဆယ် လူတွေကို ဆွဲထုတ်နေရတာပေါ့၊ အဆင်ပြေအောင်။ အဲဒီနားက အကွေးအကောက်များတယ်။ အဲဒီနားမှာ ကျော်ပြီးကျသွားတာပေါ့။ ကားလမ်းဘေးကို ထိုးကျသွားတာပေါ့။"
ထိုင်းနိုင်ငံက လူမှုကယ်ဆယ်ရေး အဖွဲ့တခုက ထုတ်ပြန်ချက်မှာတော့ ကားမှောက်မှုကြောင့် အခင်းဖြစ်တဲ့ နေရာမှာ ပွဲချင်းပြီး ၆ ဦးသေဆုံးခဲ့ပေမယ့် ဆေးရုံရောက်ပြီးတော့မှ နှလုံးရောဂါနဲ့ နောက်တဦး သေဆုံးသွားတယ်လို့ ဖော်ပြထားတာကြောင့် သေဆုံး အရေအတွက် စုစုပေါင်း ၇ ဦး ဖြစ်သွားပါတယ်။
မြန်မာ အလုပ်သမား ၂၀၀ ကို ဗန်ကား ၄ စီးနဲ့ တင်လာတာကြောင့် တစီးမှာ ပျှမ်းမျှ လူ ၅၀ လောက် ပါလာတာပါ။
ထိုင်းနိုင်ငံမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ ခေါစွတ် သတင်းမှာတော့ စစ်ဆေးရေး ရဲအရာရှိ Capt. Kiattisak Boonplong ကို ကိုးကားပြီး ကားမှောက်လို့သေဆုံးရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အာမခံ ကုမ္ပဏီက တဦးကို အမေရိကန် ဒေါ်လာ ၂၂၃၈၅ နဲ့ ညီမျှတဲ့ ဘတ်ငွေ ၇၀၀,၀၀၀ နစ်နာကြေး ပေးရမယ်လို့ ရေးသားထားပါတယ်။
ဒီကားဟာ မှတ်ပုံတင်လုပ်ထားတာ ၁နှစ်တောင် မပြည့်သေးဘူးလို့ သိရပါတယ်။ ဧပြီလ (၉ )ရက်နေ့ညက မှောက်ခဲ့တဲ့ အဲဒီ ကားဟာ တောင်ပါတ်လမ်း ကီလို ၃၀ သာမှောင်းရမယ့်လို့သတ်မှတ်ထားတဲ့နေရာမှာ ကားကို ၇၅ကီလို အထိ အရှိန်မြင့် မောင်းခဲ့တာကို GPS မှတ်တမ်းအရ စစ်ဆေးတွေရှိခဲ့ရလို့ ကားမောင်းသူဟာ အရေးယူခံရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ ကားဟာ ၁၅ပေအနက်ရှိတဲ့ လမ်ဘေးကချောက်ထဲကို ထိုးကျခဲ့တာပါ။ ကားမောင်းသူကတော့ ဒဏ်ရာမရခဲ့ပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့ကလည်း မြန်မာအလုပ်သမားတွေ သယ်လာတဲ့ ကားတစီး မီးလောင်ခဲ့တာကြောင့် လူ ၂၀ သေဆုံးခဲ့ပါတယ်။ အဲဒီ ကားဟာ သူ့နယ်မြေတွင်းမှာပဲ မောင်းခွင့်ရှိတဲ့ကားလို့ ထိုင်းနိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေသားကြပြီး အဝေးမောင်းခွင့် ရှိမရှိဆိုတာကို စစ်ဆေးမူ တိတိကျကျ လုပ်ဆောင်ထားတာ မရှိတဲ့ကားလို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဧပြီလ ၉ရက်နေ့ မနက်ကလည်း အဲဒီ တာ့ခရိုင်လမ်းပေါ်မှာ ဗန်ကားတစီး ဆီပိုက်ပေါက်ရာကနေ မီးလောင်ခဲ့ပေမဲ့ လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၄ဦး ထိခိုက်မူတော့ မရှိခဲ့ပါဘူး။ ထိုင်း-မြန်မာနယ်စပ်ကတဆင့် မြန်မာအလုပ်သမားတွေကို စက်ရုံတွေကို သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တွေ မီးလောင်၊ တိမ်းမှောက်မှုတွေ မကြာခနဆိုသလို ဖြစ်ပေါ်နေတာပါ။ တချို ့ကားမောင်းသမားတွေဟာ အရက်နဲ့ မူယစ်ဆေးတွေ သောက်စားပြိး မောင်းနေတာတွေလည်း ရှိပါတယ်။ ဗန်ကားတွေဆိုရင်လည်း ကားသမားတွေက လမ်းခရီးမှာ ရွေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်တာတွေ နဲ ့ကားကို အကြမ်းမောင်းတာတွေရှိနေတယ်လို့ မြန်မာအလုပ်သမားတွေရဲ့ ပြောဆိုမှုတွေ မကြာခန ကြားနေရတာ ဖြစ်ပါတယ်