ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ခရီးသည်တင်ကား ပစ်ခတ်ခံရမှု ၂ ဦးသေဆုံး

မွန်ပြည်နယ်၊ ဘီလင်းနဲ့ သထုံမြို့ကြားက ကမာစိုင်ရွာ အနီး ပစ်ခတ်ခံရတဲ့ ခရီးသည်တင်ကားတစီး (စက်တင်ဘာ ၁၊ ၂၀၂၄)

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမှာ ဒီသီတင်းပတ်အစောပိုင်း ခရီးသည်တင်ကား ပစ်ခတ်ခံခဲ့ရပြီး ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်၊ ဘီလင်းနဲ့ သထုံမြို့ကြားက ကမာစိုင်ရွာ အနီး တနင်္ဂနွေနေ့က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရသေးပါဘူး။ စစ်ရေးပဋိပက္ခတွေကြား အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်၊ ဘီလင်းမြို့နဲ့သထုံကြားက ကမာစိုင်ရွာအနီး ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ ။ ဒီနေရာမှာစစ်ကောင်စီတပ်တွေနဲ့ KNLA /PDF တပ်တွေ လည်း အခြေစိုက်လှုပ်ရှားနေကြတဲ့နေရာတွေလည်းဖြစ်ပါတယ် ။ ခရီးသည်တင်ကားကိုပစ်ခတ်မူ့ကြောင့်အရပ်သား ၂ဦးသေဆုံးသွားပြီး ဒဏ်ရာရသူ ၅ဦးရှိခဲ့တယ်လို့ဒေသခံတဦးကVOA ကိုပြောပါတယ်။

"သထုံနဲ့ဘီလင်းကြား သထုံအထွက် ဘီးလင်းအဝင်နားမှာဖြစ်တာပါ၊ ဝိုင်းပစ်တာပါ မိုင်းဆွဲတာမဟုတ်ဘူး။ တပ်မိသားစုတွေလာတဲ့ကားဆိုပြီးသတင်းပေးကသတင်းပေးထားတဲ့အတွက် ဝိုင်းပစ်တာပါ ကားမှားသွားတယ်လို့ပဲပြောရမှာပေါ့၊ ကားသမားနဲ့ခရီးသည်တဦးကတော့ပွဲချင်းပြီးသေတယ်၊ မနေ့ည ၈နာရီဝန်းကျင်လောက်ကဖြစ်တာပါ ကားသမားနဲ့ခရီးသည်တဦးကပဲွချင်းပြီးသေဆုံးပြီးခရီးသည် ၅ဦဒဏ်ရာရတယ် ကလေးတဦးအပါအဝင်ပေါ့ အရပ်သားတွေချည်းပဲ မဲဆောက်ကနေ မြ၀တီ အဲဒီကနေ ဆင်းသွားတဲ့သူတွေပါ"

လတ်တလောအထိတော့ဘယ်သူတွေရဲ့လက်ချက်ဆိုတာထုတ်ဖော်ပြောဆိုတာမရှိသေးတဲ့အကြောင်းကိုလည်းပြောပါတယ်။

"ဘယ်အဖွဲ့ကပစ်သလဲဆိုတာတော့သတင်းထုတ်ပြန်တာမရှိသေးတဲ့အတွက် ဘယ်သူတွေပစ်လဲဆိုတာတော့မသိသေးပါဘူး"

ဒဏ်ရာရသူတွေထဲက အမျိုးသမီးတဦးကတော့အတော်ကိုဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်၊အရပ်သားတွေ လိုက်ပါလာတဲ့ကားတစီးပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်းသတင်းထုတ်ပြန်တာမရှိသေးသလို KNLA/PDF ပူးပေါင်းတပ်တွေတွေကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကမာစိုင်ကျေးရွာအနီးက သံကူ ကွန်ကရစ်တံတားလည်း ဩဂုတ်လ ၂ရက် နေ့တုန်းကလည်း မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ခရီးသည်တင်ကား ပစ်ခတ်ခံရမှု ၂ ဦးသေဆုံး