Facebook ပေါ်က အရောင်းအဝယ်

(Zawgyi / Unicode)

စီးပွားရေး လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တဲ့ ကပ်ဘေးကာလ အတွင်း စီးပွားရေး လုပ်ငန်းရှင် အတော်များများ က လူမှုကွန်ယက် Facebook ပေါ်က တိုက်ရိုက်လွှင့် ရောင်းချမှုကို ခပ်မြန်မြန် ပြောင်းလဲလာနေကြပါတယ်။ ဒီအပြောင်းအလဲက ကပ်ဘေးအလွန် စီးပွားရေး လုပ်ငန်း အခင်းအကျင်းတွေ ဈေးကွက်တွေ အထိ ပြောင်းလဲသွားနိုင်ပါသလားဆိုတာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကပ်ဘေး ကာလ Facebook လူမှုကွန်ရက် သုံးပြီး တိုက်ရိုက်လွှင့် ရောင်းချနေကြတဲ့ အထဲမှာ သိန်းရာ ထောင်ချီ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဆိုကြတဲ့၊ ငွေပိုမှ ဝယ်ကြလေ့ ရှိတဲ့ လက်ဝတ်ရတနာ ဈေးကွက် အတော်လေး ထင်သာ မြင်သာ တွေ့လာရပါတယ်။

“ ပျမ်းမျှ သဘောဖြင့် ပြောမယ် ဆိုရင်တော့ အခုဟာ ရတနာ လုပ်ငန်း ကောင်းတယ်ဆိုရင် မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းက အဆင်ပြေတယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ တခြား လုပ်ငန်းတွေလည်း ကောင်းနေလို့သာ ရတနာ ဝယ်နိုင်တာပေါ့နော်။ အဲဒီ သဘောကိုလည်း တွက်ဆလို့လည်း ရပါတယ်ရှင့်။ ”

မန္တလေး အခြေစိုက် သဇင်ပန်း စိန်ရွှေရတနာဆိုင်ရှင် ဒေါ်စုမွန်တိုးပါ။ သူကတော့ Facebook ကနေ လက်ဝတ်ရတနာတွေ စရောင်းတာ သတင်း ၂ ပတ်လောက်ဘဲ ရှိသေးပေမယ့် ဆိုင်ဖွင့်တာထက်တောင်မှ အရောင်းသွက်တယ်လို့ ဆိုပါတယ်။

“ ကျမတို့ ရောင်းတဲ့ ပစ္စည်းတွေဆိုရင် အခု ၂၀၀-၃၀၀ လောက်ကို ရောက်သွားပြီပေါ့။ ၂ ပတ် အတွင်းမှာဘဲ ဒီလ အတွင်းမှာဘဲ ပစ္စည်း အခုရေ ၂၀၀-၃၀၀ လောက်ထိ ရောင်းနေရပါတယ်။ နောက်တခုက ဒီလိုမျိုး သောင်းဂဏန်းလေးတွေဘဲ အရင် ရောင်းတဲ့ အခါမှာ ကျမတို့မှာ အမြတ် အားဖြင့်တော့ နည်းပါတယ်။ ဒါပေမယ့် အမြဲတမ်း အလုပ်ဖြစ်နေတော့ ကိုယ့်ရဲ့ ပန်းတိမ် ဆရာတွေကို အလုပ်ပေးနိုင်တယ်။ နောက်တခုက ကိုယ့်ရဲ့ ကျောက်သွေး ဆရာတွေ အလုပ်ရတယ်။ ကိုယ့်ဆီကို အမြဲတမ်းသွင်းနေတဲ့ ကျောက် အရောင်းအဝယ် လုပ်တဲ့ လူငယ်တွေ အလုပ်ရတယ်။ ”

Facebook မှာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ လက်ဝတ်ရတနာ တင်ဆက် ရောင်းချမှုဟာဆိုရင်လည်း ကျောက်မျက် ရတနာ လုပ်ငန်းကြီး တခုလုံး အတွက် အကျိုးရှိစေတာလို့လည်း မဆုမွန်တိုးက ပြောပါတယ်။ ကျောက်မျက် ရတနာ လုပ်ငန်းမှာ အရောင်းအဝယ် တက်လာတာကြောင့် ဒီ လုပ်ငန်း နယ်ပယ်ထဲက လူတွေလည်း ကပ်ဘေးကာလ အတွင်း အလုပ်အကိုင် ရစေတာ ဖြစ်ပါတယ်။

လက်ဝတ်ရတနာ တခုတည်းတင် မဟုတ်ပါဘူး။ စားသောက်ကုန် လုပ်ငန်းတွေ၊ အချက်အပြုတ် လက်ရာ ကောင်းသူတွေရဲ့ တပိုင်တနိုင် ချက်ပြုတ် ရောင်းချမှုတွေဟာလည်း Facebook ပေါ်မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ကပ်ဘေး မတိုင်ခင် ကတည်းက Facebook လူမှုကွန်ရက်မှာ လက်လီ ရောင်းချသူတွေ ရှိခဲ့တာပါ။ အခု ကပ်ဘေး ကာလမှာ ပုံမှန် အပြင်ထွက် သွားလာလို့ မရတဲ့ မသင့်တဲ့ အခြေအနေမျိုးမှာ မြန်မာ လူထုကြား အတွင်ကျယ်ဆုံး သုံးတဲ့ လူမှုကွန်ရက် Facebook ပေါ်ကနေ စမ်းသပ် ရောင်းချမှုကနေ ဈေးကွက်လည်း ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒေါ်ဆုမွန်တိုးက အခုလို ဆက်ပြောပါတယ်။

“ ပန်တိမ်ဆရာ တယောက်ကို မှီခိုတဲ့ မိသားစု ၃ ယောက် အနည်းဆုံး ရှိတယ်ပေါ့နော်။ ပန်တိမ် ဆရာ တယောက်ကို မှီခိုတဲ့ မိသားစု ၃ ယောက် ရှိတယ်ဆိုတော့ ကျမနဲ့ လက်တွဲပြီး အလုပ်လုပ်နေတဲ့ ပန်တိမ် ဆရာ ၆ ယောက် ရှိတယ်။ သူတို့ နောက်မှာ မှီခိုတဲ့ မိသားစု အယောက် ၂၀ လောက် ရှိတယ်။ ကျမ ရောင်းရတယ်ဆိုရင် သူတို့ အယောက် ၂၀ ပြေလည်တာပေါ့နော်။ ”

“ နောက်တခုက ကျောက်တွေ၊ အထဲမှာ ထည့်တဲ့ ကျောက်တွေကလည်း မိုးကုတ်မှာ ကျောက်သွေးတဲ့သူတွေ အဆင်ပြေတယ်။ ကျောက်ရောင်းတဲ့ ပွဲစားတွေ အဆင်ပြေတယ်။ ကျောက်ရောင်းတဲ့ ပွဲစားတွေ အဆင်ပြေတယ်။ ပိုင်ရှင်တွေ အဆင်ပြေတယ်။ ဝယ်ရတဲ့ လူတွေ အဆင်ပြေတယ်ပေါ့နော်။ ”

“ အမ ပြောသလိုပေါ့ အင်တာနက် Facebook မှာ ထက်ထက်မိုးဦးတို့ Live လွှင့်ပြီး ရောင်းတဲ့ အခါမှာ သူရောင်းတဲ့ ဆိုင်တွေ အလုပ်ဖြစ်ရုံတင် မကဘူး ထက်ထက်မိုးဦးနဲ့ မရောင်းနိုင်တဲ့ ဆိုင်တွေလည်း အလုပ်ဖြစ်ကြပါတယ်။ မိုးကုတ်မှာ ရှိတဲ့ ကျောက်သွေးတဲ့သူတွေလည်း အလုပ်ဖြစ်ကြတယ်။ ပြောရမယ်ဆိုရင် တနိုင်ငံလုံး လွှမ်းမိုးသွားတာပါဘဲ။ ဟိုဆိုင်က သူလွှင့်ပြီးတော့ ရောင်းပေးသွားတဲ့ ဘာအရောင်လေး ဘာကျောက်လေး။ ရောင်စုံ ကျောက်လေးတွေ လူတွေ သိလာတယ်။ မိုးကုတ် ကျောက်လေးတွေ လူတွေ ပိုပြီး သဘောကျလာတယ် ဝယ်လာကြတယ်ပေါ့နော်။ ”

ကပ်ဘေး မတိုင်ခင်က ပုံမှန် လည်ပတ် နေတဲ့ အရောင်းအဝယ် ဈေးကွက်၊ ကုန်ပစ္စည်း ဖြန့်ချိမှု ဈေးကွက်က ကပ်ဘေး အလွန်မှာ ပြောင်းလဲလာနိုင်ပါပြီလား ဘယ်သူတွေ ပြင်ဆင်ထားကြဖို့ လိုပြီလဲ ဆိုတာကိုလည်း မန္တလေးမှာ ရုံးစိုက်ပြီး အထက်မြန်မာပြည် တဝန်းကို ကုန်ပစ္စည်း လက်ကားဖြန့်ဖြူးရေး လုပ်ငန်းကြီး ဖြစ်တဲ့ UMT Trading Company Ltd. ရဲ့ ဒါရိုက်တာ ဦးကျော်မင်းသိန်းကို မေးကြည့်ပါတယ်။

“ ဥပမာ ပြောရရင် အခု မြန်မာပြည်မှာ Macro ဆိုပြီးတော့ ရောက်လာတယ်။ အဲလိုမျိုး နိုင်ငံတကာ ကုမ္ပဏီတွေ ဆိုလို့ ရှိရင်တော့ သူတို့ဆီမှာ ရင်းနှီးမြှုပ်နှံမှု ပါလာတဲ့ အတွက် အရမ်းကြီး ဂရုစိုက်စရာ မလိုဘူးပေါ့နော်။ ကျနော်တို့ ပြည်တွင်း ကုန်သည်တွေ ကျတော့ ဖြန့်ချိရေး သမားတွေကျတော့ ကျနော်တို့မှာ အဓိက နောက်ခံ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့ အတွက် ဒီလိုမျိုး သွားပြီး ရင်းနှီးမြှုပ်နှံမယ် ဆိုလို့ ရှိရင် တခြား နေရာမှာ ရင်းနှီးမြှုပ်နှံလို့ ရတာနဲ့ ဒီ နည်းပညာပိုင်းကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ ရှိရင် ကျနော် ထင်တာက နည်းပညာပိုင်းက နည်းနည်း လိုသေးတယ်။ အချိန် လိုသေးတယ်လို့ ယူဆတယ်။ ”

“ ဒါပေမယ့် ကျနော်တို့က အလှကုန်တို့၊ တခြား ပရိဘောဂ လုပ်ငန်းတို့ ၊ လူသုံးကုန် ဆေးပစ္စည်း လုပ်ငန်း ကဏ္ဍတွေ အတွက်တော့ သူတို့ရဲ့ ကုန်ပမာဏက အဲလောက်ကြီး မများတဲ့ အတွက် သူတို့ ဆိုရင်တော့ ဒီ Apps ဆောက်တာတွေ၊ Website ရေးတာတွေ၊ Channel တွေ အမျိုးမျိုးပေါ့ တခြား Channel တွေလည်း အများကြီး ရှိပါတယ်။ သူတို့ အနေနဲ့ စပြီး တည်ဆောက်ထားသင့်တယ်။ ကြိုပြီး လုပ်ထားသင့်တယ်ပေါ့။ ”

အဲဒီတော့ မြန်မာနိုင်ငံတွင်းက ဝန်ဆောင်မှု ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အနေနဲ့ အွန်လိုင်းပေါ်က အရောင်းအဝယ် တွင်တွင်ကျယ်ကျယ် လုပ်နိုငအောင် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တဲ့ အနေအထားမျိုးပါလား - UMT Trading Company Ltd. ရဲ့ ဒါရိုက်တာ ဦးကျော်မင်းသိန်း ကတော့ အခုလို သုံးသပ်ပါတယ်။

“ အခုဟာက ကျနော်တို့ မြန်မာပြည် အနေအထား အရ ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်း အထက်က Facebook ပေါ်မှာဘဲ အရောင်းအဝယ် လုပ်နေကြတာပေါ့နော်။ ကျနော်တို့ အနေအထားအရ လက်ရှိ အနေအထား အရ Facebook တခုတည်းနဲ့တင် လုံလောက်တယ်လို့ ကျနော်တို့ ယူဆလို့ ရတယ်ဗျ။”

လက်လီ ဈေးကွက် အနေနဲ့ကတော့ မူလရှိပြီးသား ဈေးကွက် အပြင်ကို တခြား ဈေးကွက်သစ်တွေပါ ရလာစေတယ်လို့ သဇင်ပန်း စိန်ရွှေရတနာဆိုင် လုပ်ငန်းရှင် ဒေါ်ဆုမွန်တိုးက ပြောပါတယ်။

“ အမှန်မှာ ဆိုရင် ကျမတို့က အခုအချိန်မှာ အွန်လိုင်းကနေ ရောင်းချတယ် ဆိုတာက ဧည့်သည် အသစ်တွေလည်း ရအောင်၊ နောက် ကိုယ့်မှာ ရှိပြီးသား ဧည့်သည်တွေလည်း မပျောက်ပျက်သွားအောင်၊ ကိုယ့်ကို မေ့မသွားအောင် ကြိုးစားနေရတာပေါ့နော်။ နေ့စဉ် တင်ရတယ် ရောင်းရတယ်ပေါ့။ နောက်ပိုင်းမှာ အခြေအနေ ပြန်လည် တည်ငြိမ်လာတဲ့ အခါမှာတော့ ကျောက်မျက် လောက က ဆိုင်မှာ ရောင်းတဲ့ဟာ ပါးသွားမယ် ဆိုတာထက်ပေါ့နော် ဆိုင်မှာ ရောင်းချတဲ့ ဈေးကွက် အပြင် နောက်ထပ် ဈေးကွက် အသစ် တခု ထပ်ရတယ်လို့ ပြောလို့ ရပါတယ်ရှင့်။”

ကပ်ဘေး ကာလ အတွင်း ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အတော်လေး အခက်တွေ့နေကြပါတယ်။ ဒါပေမယ့်လည်း မရှိမဖြစ် ကုန်စည်တွေ ဖြစ်တဲ့ လူသုံးကုန်၊ စားသောက်ကုန် လုပ်ငန်း၊ ဆေးဝါးပစ္စည်း တင်သွင်းသူတွေ၊ နောက် ရွေးကောက်ပွဲ ကာလ ဖြစ်တာကြောင့် နိုင်ငံရေး ပါတီတွေရဲ့ ကြော်ငြာ တံဆိပ်ရိုက် လုပ်ငန်းတွေလို လုပ်ငန်း တချို့လည်း အလုပ်ဖြစ်နေပါတယ်။

Your browser doesn’t support HTML5

Facebook ပေါ်က အရောင်းအဝယ်

(Unicode)


















