ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီတွေ ပြင်ဆင်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီတွေ ပြင်ဆင်

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ့် အခြေအနေနဲ့ NLD ပါတီဘက်က ရွေးကောက်ပွဲကိစ္စ ပြင်ဆင်တာတွေ ရှိလာနေချိန်မှာ တခြား နိုင်ငံရေးပါတီတွေဘက်ကရော ဘယ်လို သဘောထားတွေများ ရှိနေပါသလဲ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်က ခေါင်းဆောင်တွေကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့စည်းခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေထဲက အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီနဲ့ NDF ပါတီ စပြီးထူထောင်ချိန်က ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ခွဲထွက်ပြီးတော့ သီးခြားဖြစ်သွားတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) တို့ကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမတ်နေရာ ဘယ်လောက် ဝင်မယ်၊ ဘယ်နေရာတွေမှာ ဝင်မယ်ဆိုပြီး အကြမ်းဖျဉ်း စဉ်းစားထားတာတွေရှိတယ်လို့ ပါတီခေါင်းဆောင် အသီးသီးက ဗွီအိုအေကို ပြောပါတယ်။

ဒါပေမဲ့လည်း သူတို့ပါတီနှစ်ခုစလုံး တညီတညွတ်တည်း ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ သူတို့ပါတီကိုယ်စားလှယ်လောင်းတွေ ဝင်မပြိုင်ဘူး ဆိုတာပါပဲ။

“အဲဒါကတော့ဗျာ Common Sense ပါပဲ၊ Political Common Sense ပေါ့ဗျာ။ ကျနော်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်အဖြစ် သတ်မှတ်ထားတယ်ဆိုတာ အားလုံးသိပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့က သိက္ခာပိုင်းအရရော၊ နိုင်ငံရေးလိုအပ်ချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ကျနော်တို့ရဲ့ နိုင်ငံရေးသက်ရောက်မှုအရရော ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ယှဉ်ပြိုင်မယ်ဆိုတဲ့ အနေအထားမှာ ဘယ်တုန်းကမှ မရှိပါဘူးဗျာ၊ ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ပါဘူး။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေပါ။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ တရားဝင်ကြေညာချက် ထွက်မလာသေးတဲ့အတွက် အတိအကျမပြောနိုင်သေးပေမဲ့ NDF ပါတီအနေနဲ့ လစ်လပ်နေရာ ၄၈ နေရာထဲက မြို့နယ် ၂၀ ပတ်ဝန်းကျင်လောက်မှာ ဝင်ပြိုင်ဖို့ မှန်းထားတယ်လို့ ဦးခင်မောင်ဆွေကပြောပါတယ်။

NDF ပါတီ ခေါင်းဆောင်တွေထဲက ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ဖို့ရာ ခံဝန်ကတိ လက်မှတ်ထိုးရမယ်ဆိုတဲ့အတွက် အဲဒီအချိန်တုန်းက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့သူတွေဖြစ်ပါတယ်။ အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း ဝင်ပြိုင်မှာမဟုတ်ဘဲ ပါတီခိုင်မာတောင့်တင်းရေးကိုပဲ လုပ်သွားမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ကျနော်တို့နှစ်ယောက်လုံးက ရွေးကောက်ပွဲဝင်ဖို့ မရှိပါဘူးခင်ဗျာ။ ကျနော်တို့က လွှတ်တော် နိုင်ငံရေးထဲကို ကျနော်တို့ သွားမှာမဟုတ်ပါဘူး။ ကျနော်တို့ပါတီကို ဒီ့ထက် ပိုပြီးတော့ကာ ကြံ့ခိုင် တောက်ပလာအောင် ပါတီကို ပြုစုပျိုးထောင်ဖို့အတွက် ကျနော်တို့က ပါတီမှာပဲ ကျန်ခဲ့မှာပါ။”

အမျိုးသားဒီမိုကရေစီသစ်ပါတီ (NNDP) ဆိုတာက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မယ်ဆိုပြီး NLD ပါတီကနေ ထွက်သွားပြီးတော့ NDF ပါတီထူထောင်သူတွေထဲမှာ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲအပြီး တခါ လွှတ်တော်အစည်းအဝေးတွေ ကျင်းပချိန်အတွင်းမှာ NDF ကနေ ပြန်ခွဲထွက်သွားသူတွေ အသစ်ထူထောင် ခဲ့တဲ့ပါတီပါ။ အဓိကဦးဆောင်သူက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဖြစ်ပါတယ်။

သူတို့ပါတီအနေနဲ့ ပါတီ တရားဝင် ဆက်ပြီးရပ်တည်ခွင့်ရဖို့ မဝင်မဖြစ်ဝင်ရမယ့် အမတ်နေရာသုံးနေရာ အတွက်ပဲ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်းမြို့နယ်တွေမှာ ဝင်ပြိုင်သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ဝင်မှာ မဟုတ်ပါဘူးလို့ ဦးသိန်းညွှန့်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှ တပါးပေါ့ဗျာ၊ ကျန်တဲ့လူတွေနဲ့ ကျနော်တို့ ယှဉ်ပြိုင်ပြီး ဝင်ပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က လူထုအတွက် အလုပ်အကျွေးပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လက်တွေ့လိုချင်တယ်ဗျာ။ ဒါကတော့ ဘယ်သူ လူထုအတွက် အလုပ်အကျွေး ပြုသလဲဆိုတာ မဲဆန္ဒရှင် ပြည်သူလူထုက လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့ပါပဲ။

“ကျနော်တို့ (ပါတီက) သုံးယောက်ဟာ လူထုအတွက် ကျနော် တာဝန်ခံနိုင်တယ်။ ၉၀ ခုနှစ် အတွေ့အကြုံလည်း ကျနော်တို့ ရခဲ့ပါပြီ။ ဒီကြားထဲ နှစ် ၂၀ မှာလည်း ကျနော်တို့ နိုင်ငံရေးအရ သင်ခန်းစာယူစရာတွေ ရခဲ့ပါပြီ။ ဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမီးမှတပါး ကျန်တဲ့ပုဂ္ဂိုလ်မှန်သမျှကို အဲဒီသုံးနေရာမှာ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ဖို့အတွက် ကျနော်တို့ပါတီက ဆုံးဖြတ်ချက် ချထားပြီးပါပြီ။”

ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် လက်ရှိပြဌာန်းထားတဲ့ ဥပဒေအရ ကျင်းပမယ့်ရက်မတိုင်ခင် သုံးလ ကြိုတင်ပြီးတော့ ကြေညာရမှာဖြစ်ပါတယ်။ အခုအချိန်ထိ ရွေးကောက်ပွဲကော်မရှင်က မကြေညာ သေးတဲ့အတွက် ဘယ်တော့ ကျင်းပမယ် ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့လည်း NLD ပါတီ မှတ်ပုံတင်တဲ့ကိစ္စ ပြီးပြတ်မယ့်အချိန် အပါအဝင် နောက်နှစ် အစောပိုင်းလတွေထဲက အသင့်တော်ဆုံးဖြစ်မယ့် အချိန်ကို စဉ်းစား တွက်ချက်ကြည့်ရင်တော့ အစောဆုံး ၂၀၁၂ ခုနှစ် ဧပြီလ လောက်မှာ ကျင်းပနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်မျိုးတော့ ရှိပါတယ်။