ကယ်လီဖိုးနီးယား တောမီး မထိန်းနိုင်သေး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းမှာလောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ အပူတပြင်းကျိုးပမ်းနေကြပါတယ်။ ဒီနှစ်တောမီးလောင်ကျွမ်းမှုဟာ အဆိုးဆုံးတွေထဲက တခုဖြစ်ပြီး၊ ဒီတောမီးကို သိပ်မကြာခင်အချိန်အတွင်း ငြိမ်းသတ်နိုင်ဖို့ အနေအထားမရှိဘူးလို့ အမျိုးသားမိုးလေဝသနဌာနကလည်း ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက မီးလောင်ကျွမ်းမှုအတွင်း သေဆုံးသူရုပ်အလောင်း ၁၄ လောင်းကို စနေနေ့က ထပ်မံတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါကြောင့် Paradise မြို့က သေဆုံးသူအရေအတွက်ဟာ ၂၃ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ခရိုင်ရဲအရာရှိက စနေနေ့ နှောင်းပိုင်းက ပြောပါတယ်။

အစောပိုင်းကတော့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Malibu မြို့မှာ၊ တောမီးလောင်ကျွမ်းမှုကြောင့် အဲဒီမြို့မှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး၊ ဒီမီးလောင်ကျွမ်းမှုအတွင်း လူ ၂ ဦး ကားထဲမှာ သေဆုံးခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းက မီးလောင်ကျွမ်းမှုအတွင်း ၂၅ ယောက်ထက်မနည်းသေဆုံးခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အခုလို မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယားအာဏာပိုင်တွေကို မနေ့ စနေနေ့ကရော ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာပါ တွစ်တာကနေ ပြစ်တင်ပြောဆိုထားပါတယ်။ အခုလို မီးလောင်ကျွမ်းရတာဟာ သစ်တောတွေကို သေချာထိန်းသိမ်း မစောင့်ရှောက်နိုင်လို့ ဖြစ်ရတာဖြစ်ပြီး၊ ပြည်ထောင်စုအစိုးကပေးမယ့် ငွေတွေကို မပေးဘဲ နေသွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဒါပေမဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ မိုးခေါင်တာကိုတော့ သမ္မတထ၇မ့်က ထည့်မပြောသွားခဲ့ပါဘူး။

Your browser doesn’t support HTML5

ကယ်လီဖိုးနီးယား တောမီး မထိန်းနိုင်သေး