အဆင့်မြင့်နည်းပညာ တရုတ်သတင်းပေးမှု ကန်အမျိုးသမီး ထောင်ကျ

U.S. F-16 fighter

အမေရိကန်နိုင်ငံ၊ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးတဦးကို တိုက်ခိုက်ရေးလေယာဉ် အင်ဂျင်တွေနဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်ဆိုင်ရာ နည်းပညာ အချက်အလက်တွေကို တရုတ်နိုင်ငံဆီ တင်ပို့ရေး ပူးပေါင်းကြံစည်မှုနဲ့ လပေါင်း ၅၀ ထောင်ဒဏ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။

San Diego မြို့က အသက် ၄၅ နှစ်အရွယ်၊ Mency Man ခေါ် Wenxia Man ဆိုသူ အမျိုးသမီးဟာ ဂျွန်လ ၉ ရက်နေ့မှာပြစ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန် တရားရုံးက ပြောပါတယ်။ ၂၀၁၁ မတ်လနဲ့ ၂၀၁၃ ဂျွန်လအတွင်း တရုတ်နိုင်ငံက Zhang Xinshen ဆိုသူနဲ့ Man တို့ ပူးပေါင်းပြီး F-35 တိုက်ခိုက်ရေးလေယာဉ်သုံး အင်ဂျင်စက်တွေအပါအဝင် ပစ္စည်းကိရိယာတွေကို တင်ပို့ဖို့ ပူးပေါင်းကြံစည်ခဲ့တဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။

ဒီထဲမှာ F-22 Raptor နဲ့ F-16 ဂျက်တိုက်လေယာဉ်၊MQ-9Reaperနဲ့ လူမပါတဲ့ Predator B ယာဉ်တွေမှာ အသုံးပြုတဲ့ အင်ဂျင်စက်တွေ ပါဝင်နေတာပါ။ Zhang ဟာ တရုတ်စစ်တပ်အတွက် ပြည်ပတိုင်းပြည်တွေကနေ နည်းပညာတွေကူးယူတဲ့ သူလျှိုဖြစ်ပြီးသူဟာ stealth လို့ ခေါ်တဲ့ ရေဒါနဲ့ ဖမ်းယူလို့မရတဲ့ နည်းပညာတွေကို အထူး စိတ်ဝင်စားသူဖြစ်တယ်လို့ Man ကဆိုပါတယ်။

ပြည်ပက စစ်တပ်တွေရဲ့ နည်းပညာတွေရဖို့ တရုတ်နိုင်ငံဘက်က Cyber နည်း ပညာနဲ့ သူလျှိုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ အမေရိကန် စစ်တပ်နဲ့လုံခြုံရေးဆိုင်ရာတိုးတက်မှု အစီရင်ခံတစောင်ကို မေလတွင်း အမေရိကန်ကာကွယ်ရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

အဆင့်မြင့်နည်းပညာ တရုတ်သတင်းပေးမှု ကန်အမျိုးသမီး ထောင်ကျ