Facebook တင်လို့ ဖမ်းခံရသူနှစ်ဦး လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

စွပ်စွဲခံရသူ မချောစန္ဒီ

မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်တဲ့ ပုံတွေ အင်တာနက် ဖေ့စ်ဘွတ် လူမှုကွန်ယက် ဝဘ်ဆိုက်မှာ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးခံ ထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ က တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ရှားဖောင်က ပြောပြပေးပါမယ်။

မြန်မာ အစိုးရ စစ်တပ် အကြီးအကဲကို သရော်တဲ့ ပုံတွေ အင်တာနက် ဖေ့စ်ဘွတ် လူမှုကွန်ယက် ဝက်ဘ်ဆိုက်မှာ ဖြန့်ဝေမှုနဲ့ ဖမ်းဆီး အရေးယူခံရတဲ့ Patrick ကွမ်ဂျာလီနဲ့ မချောစန္ဒီထွန်းတို့ကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနက တောင်းဆိုလိုက်ပါတယ်။

သူတို့နှစ်ဦးစလုံးကို အခုလို ဖမ်းဆီးအရေးယူတယ်လို့ ကြားသိရတဲ့အတွက် လွန်စွာ စိတ်ပျက်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူ John Kirby က ပြောပါတယ်။

“နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုရ မမေစပယ်ဖြူရဲ့ ခင်ပွန်းဖြစ်သူ Patrick ကွမ်ဂျာလီ ကို ဖေ့စ်ဘွတ်ခ်ပါ်မှာ တင်ခဲ့တဲ့ အကြောင်းအရာတခုကြောင့် အာဏာပိုင်တွေက ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေနဲ့ ဖမ်းဆီး အရေးယူခဲ့တယ် ဆိုတဲ့ သတင်းတွေ ကြားရတဲ့အပေါ် ကျနော်တို့ စိတ်ပျက်မိပါတယ်။ အလားတူဖြစ်ရပ်မျိုးနဲ့ပဲ မချောစန္ဒီထွန်းကိုလည်း အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေနဲ့ အရေးယူထားတယ် ဆိုတာ ကျနော်တို့ နားလည်ထားပါတယ်။”

အခုလို ဖမ်းဆီးအရေးယူတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ရာရောက်သလို လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး နိုင်ငံရေး ပြု ပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပါတယ်လို့ ဆိုတဲ့ မြန်မာ အစိုးရရဲ့ ရပ်တည်ချက်ဟာ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှု မရှိဘူးလို့ လည်း John Kirby က ပြောပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Amnesty International – AI ကလည်း ဖမ်းဆီးအရေးယူခံထားရတဲ့ Patrick ကွမ်ဂျာလီဟာ နဲ့ မချောစန္ဒီထွန်း တို့နဲ့ ပတ်သက်ပြီး အဖွဲ့အနေနဲ့ စိုးရိမ်ရသလို ချက်ခြင်း ပြန်လွှတ်ပေးဖို့ ကိုလည်း တောင်းဆို လိုက်ပါတယ်။ သူတို့နှစ်ဦး ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ Amnesty International အဖွဲ့က မြန်မာ့အရေး သုတေသီ Laura Haigh က အခုလို ပြောပါတယ်။

“Patrick ကွမ်ဂျာလီနဲ့ ချောစန္ဒီထွန်းတို့ နှစ်ယောက်စလုံး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ Amnesty International အဖွဲ့အနေနဲ့ သတိပြုမိပါတယ်။ သူတို့နှစ်စလုံးကို ချက်ခြင်းပြန်လွတ်ပေးဖို့လိုသလို သူတို့ကို စုံစမ်းစစ်ဆေးနေတဲ့ အမှုတွေကို ရပ်ဆိုင်းသင့်ပါတယ်။ သူတို့နှစ်ဦးစလုံးကို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေလို့ ကျမတို့က ပြောပေးမယ် တကယ်တော့ သူတို့နှစ်ယောက် စလုံး ဖမ်းဆီးခံရတာဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို အသုံးပြုလို့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။”

တရားစွဲဆိုခံရသူ ကချင်အမျိုးသား

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုရ မမေစပယ်ဖြူရဲ့ အမျိုးသား Patrick ကွမ်ဂျာလီဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံအား ခြေထောက်ဖြင့် တက်နှင်းထားတဲ့ ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ဝေခဲ့တာကြောင့် ဆက်သွယ်ရေး ဥပေဒနဲ့ ဖမ်းဆီး အရေးယူခံလိုက်တာဖြစ်ပါတယ်။

အဲဒီမတိုင်ခင် အောက်တိုဘာလ ၁၂ ရက်နေ့တုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပုံကို ယှဉ်တွဲတင် ထားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဝတ်စားထားတဲ့ အစိမ်းရောင် အဝတ်အစား အတိုင်း စစ်တပ်ကလည်း အဲဒီအစိမ်းရောင်နဲ့ ဆင်တူတဲ့ စစ်ဝတ်စုံ အရောင်တွေ ပြောင်းလဲဝတ်ဆင်တယ်ဆိုတဲ့ သရော်ထားတဲ့ ပုံတွေကို ဖြန့်ဝေခဲ့တဲ့ အတွက်လည်း အစိုးရက မချောစန္ဒီထွန်းကို ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်။