၀န်ကြီးချုပ် Hun Sen နှစ် ၃၀ ပြည့် အာဏာသက်တမ်း HRW ဝေဖန်

ကမ္ဘောဒီးယားခေါင်းဆောင် Hun Sen အနေနဲ့ အာဏာရရှိခဲ့တာ နှစ်သုံးဆယ်မြောက် အထိမ်းအမှတ်နေ့ နီးလာတာနဲ့အတူ နိုင်ငံရေးအာဏာ တည်မြဲဖို့အတွက် နိုင်ငံရေးအရ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ အဂတိလိုက်စားမှုတို့ကို ထပ်ခါတလဲလဲ ကျူးလွန်နေတယ်လို့ အမေရိကန်ကန်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကပြောပါ တယ်။

နှစ်သုံးဆယ်အာဏာသက်တမ်းရှိတဲ့ Hun Sen ဟာ ကမ္ဘာမှာ ဆဌမမြောက် အာဏာသက်တမ်း အရှည်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အခုလို သူအာဏာသက်တမ်းရှည်ဖို့ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတို့ကို အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ကမ္ဘောဒီးယား နိုင်ငံသားတွေအနေနဲ့ အခြေခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခံရခြင်းကို မကြောက်ရဘဲ ခံစားနိုင်ကြဖို့ ကမ္ဘောဒီးယားအနေနဲ့ အရေးပေါ် ပြောင်းလဲမှုတွေ လိုအပ်နေပြီလို့ HRW ရဲ့ အာရှရေးရာညွန်ကြားရေးမှူး Brad Adams က အင်္ဂါနေ့ကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာ အလှူရှင်နိုင်ငံတွေ အနေနဲ့လည်း ဝိုင်းဝန်းကူညီတိုက်တွန်းဖို့ လိုအပ်တယ်လို့ Mr Adams က ပြောပါတယ်။

၁၉၈၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ Hun Sen ရဲ့ အာဏာသက်တမ်းနဲ့ ပတ်သက်လို့ နှစ်သုံးဆယ် Hun Sen အုပ်ချုပ်မှု၊ ကမ္ဘောဒီးယားမှာ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အဂတိလိုက်စားမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။