Panama Papers လို့ခေါ်တဲ့ ကမ္ဘာ့လူချမ်းသာတွေက နိုင်ငံခြားမှာ ဘဏ်စာရင်းဖွင့်ပြီး လျှို့ဝှက်ငွေကြေးသိမ်းထားကြတဲ့စာရင်းမှာ ကမ္ဘောဒီးယား တရားရေးဌာနဝန်ကြီး Ang Vong Vathana ရဲ့နာမည်ပါနေတာကို အစိုးရက စုံစမ်းစစ်ဆေးပေးဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ အဂတိလိုက်စားမှုဆန့်ကျင်ရေး ကျွမ်းကျင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
ပနားမား ဥပဒေအကျိုးဆောင်အဖွဲ့ Mossack Fonseca ကနေ ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းပေါင်း ၁၁ သန်းထဲမှာ တစ်ဦးတည်းသော ကမ္ဘောဒီးယား အစိုးရအရာရှိတစ်ဦးဖြစ်ပါတယ်။
ကမ္ဘာ့လူချမ်းသာတွေက အခွန်ရှောင်ဖို့ ဒါမှမဟုတ် သူတို့ပိုင်ငွေကြေးတွေကို လျှို့ဝှက်ထားနိုင်ဖို့ ပြည်ပမှာ ဘဏ်စာရင်းဖွင့်လှစ်တဲ့ ပေါက်ကြားမှု အသေးစိတ်ကို သတင်းအဖွဲ့တွေနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးဆိုင်ရာ သတင်းထောက်များဖွဲ့ ICIJ တို့ က ပြီးခဲ့တဲ့ သီတင်းပတ်က လူသိရှင်ကြား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ICIJ ရဲ့ဝဘ်ဆိုက်မှာ ၂၀၀၄ ခုနှစ်ကတည်းက ကမ္ဘောဒီးယားရဲ့ တရားရေး ထိပ်တန်း အရာရှိဖြစ်နေခဲ့တဲ့ ကမ္ဘောဒီးယား တရားရေးဝန်ကြီး Ang Vong VAthana က ၂၀၀၇ ခုနှစ်မှာ အခုအခါမှာ ကုမ္ပဏီပျက်သွားတဲ့ British Virgin Island အခြေစိုက် RCD နိုင်ငံတကာ ကုမ္ပဏီ တစ်ခုရဲ့ အစုရှယ်ယာတွေကို အမေရိကန် ဒေါ်လာ ၅ ထောင်ဖိုး ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါတယ်။
တရားရေးဝန်ကြီးက ဒီသတင်းရဲ့မှန်ကန်မှုနဲ့ပတ်သက်ပြီး ငြင်းဆိုလိုက်ပေမယ့် လူထုရဲ့သံသယပြေလျေ့ာ့ဖို့ အပြည့်အဝစုံစမ်းစစ်ဆေးမှု လိုတဲ့အကြောင်း အကဲခတ်တွေက ပြောပါတယ်။
ကမ္ဘောဒီးယားဆိုင်ရာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ရဲ့ အကြီးအကဲ အမှုဆောင်ညွှန်ကြားရေးမှူး Preap Kol က - စုံစမ်းစစ်ဆေးမှု စတင်ခြင်းအားဖြင့် အစိုးရအပေါ် အပြစ်ကင်းကြောင်း ပြသရာ ရောက်မှာဖြစ်ကြောင်း ဗွီအိုအေ ခမာဌာနကို သောကြာနေ့က ပြောခဲ့ပါတယ်။
ဒါပေမယ့် Panama Papers ပေါက်ကြားမှုဖြစ်ပြီး တစ်ရက်အကြာ လွန်ခဲ့တဲ့သီတင်းပတ် တနင်္လာနေ့က တရားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Sorn Sophoan က - ICIJ ရဲ့ Vong Vathana အပေါ် မှားယွင်းတဲ့ စွပ်စွဲပြောဆိုမှုတွေကြောင့် ပြည်သူတွေကို ယုံမှားသံသယဝင်စေပြီး ဝန်ကြီးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောသွားခဲ့ပါတယ်။