ကနေဒါ ဝန်ကြီးချုပ်သစ်အဖြစ် Mark Carney ကို ပါတီ၀င်တွေ ရွေးချယ်

ကနေဒါ အာဏာရ လစ်ဘရယ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲအပြီး တွေ့ရသည့် ဗဟိုဘဏ်အကြီးအကဲဟောင်း Mark Carney။ (မတ်၉၊ ၂၀၂၅)​ (Reuters)

ကနေဒါ အာဏာရ လစ်ဘရယ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲအပြီး တွေ့ရသည့် ဗဟိုဘဏ်အကြီးအကဲဟောင်း Mark Carney။ (မတ်၉၊ ၂၀၂၅)​ (Reuters)

ကနေဒါရဲ့ အာဏာရ လစ်ဘရယ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲမှာ ဗဟိုဘဏ်အကြီးအကဲဟောင်း Mark Carney အနိုင်ရသွားပြီး ဝန်ကြီးချုပ် Justin Trudeau ရဲ့ ရာထူးကို ဆက်ခံမှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ထွက်ပေါ်လာတဲ့ တရားဝင်ရလဒ်တွေက ဖော်ပြကြပါတယ်။

ကနေဒါအနေနဲ့ ရေရှည်မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေပြီး အထွေထွေရွေးကောက်ပွဲကိုလည်း မကြာခင်မှာ ကျင်းပရတော့မယ့် အုတ်အော်သောင်းနင်း အခြေအနေမှာ Mark Carney က တာဝန်ယူရမှာဖြစ်ပါတယ်။

အသက် ၅၉ နှစ်အရွယ် Carney က ဘဏ္ဍာရေးဝန်ကြီးဟောင်း Chrystia Freeland ကို အနိုင်ရခဲ့တာပါ။ ပါတီဝင် ၁၅၀,၀၀၀ ကျော် မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း Chrystia Freeland က ဒုတိယနေရာ ရခဲ့ပါတယ်။

ဝန်ကြီးချုပ်အဖြစ် ၉ နှစ်ကျော်ကြာ တာဝန်ယူခဲ့တဲ့ Justin Trudeau က လူထု ထောက်ခံမှု ကျဆင်းလာတာနဲ့အတူ ရာထူးက ဆင်းမယ့်အကြောင်း ဇန်နဝါရီလအတွင်းမှာ ကြေညာခဲ့တာကြောင့် အာဏာရ လစ်ဘရယ်ပါတီအနေနဲ့ သူ့နေရာကို အစားထိုးဖို့ အမြန် ရွေးချယ်ခဲ့ရတာပါ။

လက်သစ် နိုင်ငံရေးသမား Carney ကတော့ ပါတီ ပြန်လည်တက်ကြွ ရှင်သန်လာရေးအတွက်ရော အမေရိကန်သမ္မတ Donald Trump နဲ့ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို ကြီးကြပ်ဖို့အတွက်ကိုပါ သူဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်သမ္မတ Donald Trump က ကနေဒါအပေါ်မှာ သွင်းကုန်ခွန် တိုးပြီးကောက်ဖို့ ခြိမ်းခြောက်ထားတာဟာဆိုရင် ပို့ကုန်တင်ပို့မှုအပေါ်မှာ မှီခိုရတဲ့ ကနေဒါရဲ့ စီးပွားရေးကို ထိခိုက်သွားစေနိုင်တဲ့ အချက်ဖြစ်ပါတယ်။

Carney ဟာဆိုရင် ပါတီဝင်တွေ အများစုထောက်ခံမှု ရရှိခဲ့သလို လစ်ဘရယ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၄ ဦးထဲမှာ ရန်ပုံငွေ အများဆုံး ရရှိထားသူလည်း ဖြစ်ပါတယ်။