နယူးယောက်ဖက်ရှင်သီတင်းပတ် လှပတဲ့ လက်ရာများ

ဖက်ရှင်ဒီဇိုင်နာ Carolina Herrera ရဲ့ New York Fasion Week

နယူးယောက်ဖက်ရှင် သီတင်းပတ်မှာ ပြသသွားတဲ့ ဖက်ရှင်ဒီဇိုင်နာ Carolina Herrera (ကယ်ရိုလိုင်းနား ဟာရယ်ရာ) ရဲ့ ၂၀၂၅ ဆောင်းဦးရာသီ ဖက်ရှင်ပြပွဲကို ဒီဇိုင်နာ Wes Gordon ဝက်စ်ဂေါ်ဒန်က သူအကြိုက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ "Being There" ကနေ စိတ်ကူးကွန့်မြူးပြီး အခိုက်တန့် အလှတရားဆိုတာကို ဖော်ကျူးပြသခဲ့ပါတယ်။ တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၅ မှာ ကျင်းပနဲ့ သူ့ရှိုးပွဲမှာ ဒီဇိုင်နာက ရုပ်ရှင်ကရတဲ့ စိတ်ကူးတွေကို သူ့ရဲ့ ဖက်ရှင်အဖြစ် ပုံဖော်နိုင်စွမ်းကို ချပြသွားခဲ့တာပါ။ အဲဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် Chance the Gardener ဥယျာဉ်မှူး ချန့်စ်ရဲ့ဖြူစင်တဲ့သရုပ်ကိုလည်း ထင်ဟပ်အောင်ပုံဖော်ထားသလို တခုချင်း အသေးစိတ်ဖန်တီး ထားတာကိုလည်း သူ့ဖက်ရှင်လက်ရာမှာ တွေ့ရပါတယ်။

NYFW F/W 2025 - Carolina Herrera - Runway

"ရုပ်ရှင်ထဲကပတ်ဝန်းကျင်အနေအထား .. ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ပန်းခြံလှလှလေးတွေက နေ ကျနော့်ဖန်တီးမှုကို စခဲ့ပါတယ်။ အဲဒီကနေမှ ဆောင်းဦးရာသီ မိုးဖွဲဖွဲရွာပြီးခါစ နယူးယောက် Central Park လမ်းလျှောက်နေတဲ့ အမျိုးသမီးတဦးပေါ့လေ.. ဘေးက မြက်ခင်းပေါ်မှာ ရေစက်လေးတွေ တလက်လက်၊ ဒီလိုမြင်ကွင်းကို ပုံဖော်ကြည့်ပြီး ဒီရာသီဖက်ရှင်ကို ဖန်တီးတာ” လို့ ဂေါ်ဒန်က ပြောပါတယ်။

ဒီနှစ်ဖက်ရှင်က အရင်နှစ်ကထက် ပိုပြီး ခံစားချက်များများပေးတဲ့၊ ပိုပြီးလည်း ရဲရင့်တဲ့ ဒီဇိုင်းတွေ ပါပေမဲ့ မူရင်း Carolina Herrera ရဲ့ ဟန်ကို မပျောက်စေပါဘူးလို့လည်း ဒီဇိုင်နာက ပြောပါတယ်။

"ဒီနှင်းဆီပန်းကြီးတွေကို ကျနော်တို့ကိုယ်တိုင်ပဲ လုပ်တာ၊ နာရီ ၂၀ လောက် အချိန်ယူပြီး တပွင့်ချင်း လုပ်ရတာပါ။ ပြီးတော့ တချို့အင်္ကျီတွေမှာတွေ့ရတဲ့ ကိုယ်မှာပတ်တက်နေတဲ့ နွယ်ခက်တွေကိုလည်း ဆောင်းရာသီလယ်လောက်မှာ အုတ်နံရံပေါ်က နွယ်ပင်တွေလိုဖြစ်အောင် ကြေးရောင်ချည်ထိုး ပန်းပွင့်ပုံတွေမှာ ရွက်ကြွေပုံတမင်ကို သေချာလိုက်လုပ်ထားပါတယ်။”

Carolina Herrera showcases the latest collection during New York Fasion Week

တမင်အပွကြီးချုပ်ထားတဲ့ ရှပ်အင်္ကျီနဲ့ ဂျာကင်အင်္ကျီတွေ၊ စကဒ်အကျပ်တွေနဲ့ သေချာဖြတ်ညှပ်ပြီး ချုပ်ယူထားတဲ့ ညဝတ်ဂါဝန်တွေနဲ့ မော်ဒယ်တွေ ဖက်ရှင်လျှောက်လမ်းမှာ ဟန်ပြခဲ့ကြတာပါ။

ကုတ်အင်္ကျီနဲ့ ဂါဝန်တွေပေါ်မှာ ရွှေရောင်တူးလစ်ပန်းပုံထိုးထားတာတွေလည်း ပါဝင်ပါတယ်။ ၂၀ ရာစုဦးပိုင်း ပြင်သစ်အနုပညာရှင် Sonia Delaunay ရဲ့ "Rhythm Color"

အနုပညာလက်ရာတွေကနေ စိတ်ကူးရတဲ့ ကျောက်မျက်ရတနာအရောင်တွေနဲ့ မီးခိုးရောင်ကိုလည်း သုံးထားတာပါ။

နယူးယောက်ဖက်ရှင်သီတင်းပတ်မှာတော့ ဒီဇိုင်နာပေါင်း ၆၀ နီးပါး သူတို့ရဲ့ ဒီဇိုင်းသစ်တွေ ပါဝင်ပြသခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အဆုံးသတ်သွားပါတယ်။