ဝါရှင်တန်မြို့တော် ချယ်ရီလွှမ်းပြီ

အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ရှိတဲ့ ချယ်ရီပန်းများပွင့်နေပုံ (၂၀၁၈)

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ဒီနှစ်အတွက် ချယ်ရီပန်းအပွင့်အစုံဆုံးအချိန်က ဧပြီလ ၂ ရက်နေ့ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဧပြီလ ပထမအပတ်က အလှဆုံး အပွင့်အစုံဆုံးအချိန် ဖြစ်မှာပါ။ အပွင့်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း ဒီအချိန်မှာ ပွင့်ကြမယ်လို့ ခန့်မှန်းရပါတယ်။

မတ်လလယ်ပိုင်းမှာ ပိုပူလာတဲ့နေ့တွေ ကြုံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ နှစ်တွေကထက်စာရင် ပန်းအပွင့်စုံတဲ့အချိန်က ဒီနှစ်မှာ ရက်ပိုင်းလောက် စောတာ ဖြစ်ပါတယ်။ မနေ့ စနေနေ့တုန်းက ချယ်ရီပန်းပွဲတော် စွန်လွှတ်ပွဲကို ကျင်းပခဲ့ပါတယ်။

အပွင့်စုံတဲ့အချိန် ကျော်သွားရင်တော့ ချယ်ရီပန်းပွင့်ဖတ်တွေရဲ့ ရာသီဥတုဒဏ်ခံနိုင်မှု ပိုလျော့လာတတ်ပြီး လေဒဏ် မိုးဒဏ်ခံရရင် ပွင့်ဖတ်တွေ အကြွေ လွယ်လာပါတယ်။ Thomas Jefferson အထိမ်းအမှတ် အဆောက်အအုံနားရှိရာ Potomac မြစ်ကမ်းက Tidal Basin နေရာတလျှောက် ချယ်ရီပန်းပင်တွေ ဝေေ၀ဆာဆာ အပွင့်ဆုံးအချိန်ကို တနင်္လာနေ့မှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီချယ်ရီပင်တွေကို ၁၉၁၂ ခုနှစ်တုန်းက ၂ နိုင်ငံ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ဂျပန်နိုင်ငံက အမေရိကန်ကို ပေးခဲ့တာ ဖြစ်ပြီး ဒီချယ်ရီပန်းပွဲတော်အတွက် ဝါရှင်တန်ဒီစီကို လာတဲ့ ဧည့်သည် တနှစ်ကို ၁.၅ သန်းလောက် ရှိပြီး နိုင်ငံရဲ့ ခရီးသွားဝင်ငွေ ဒေါ်လာ သန်း ၁၅၀ လောက် ရှာပေးနေတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဝါရှင်တန်မြို့တော် ချယ်ရီလွှမ်းပြီ