မြန်မာကလေး လုပ်သားများ အနာဂတ်ရေး

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်းက ကလေးသူငယ်လုပ်သားများ။

မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကနေ စက်ရုံတွေအထိ လုပ်ငန်းအသီးသီးမှာ ကလေးသူငယ်လုပ်သားတွေကို တွေ့နေကြရပါတယ်။ သန်းပေါင်းများစွာသော အဲဒီ ကလေးသူငယ်လုပ်သားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မကြာသေးခင် အချိန်ကာလတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး လှုပ်ရှား တာ မရှိခဲ့ဖူးပါဘူး။ အခုတော့ ဒီ ကလေးတွေ အပေါ်ထားတဲ့ အမြင်သဘောထားတွေကိုသာမက သက်ဆိုင်တဲ့ ဥပဒေတွေကိုပါ အပြောင်းအလဲလုပ်ဖို့ တွန်းအားပေး လှုပ်ရှားတာတွေ ရှိလာနေပါပြီ။ AFP သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ကလေးတွေ စားပွဲထိုး လုပ်နေတဲ့မြင်ကွင်းက မြန်မာနိုင်ငံမှာ ပုံမှန်မြင်တွေ့ နေကြ မြင်ကွင်း တခုပါ။ မြန်မာနိုင်ငံတဝန်းမှာ ကလေးသူငယ်လုပ်သား လေးသန်းကနေ ငါးသန်းကြားရှိမယ်လို့ ခန့်မှန်းထားကြပါ တယ်။ အဲဒီကလေးတွေထဲမှာ တနေ့ကို ၁၄ နာရီနဲ့ တပတ်လုံး အလုပ်လုပ်ကြရသူတွေတောင်မှ ရှိပါတယ်။

ပညာသင်ရမယ့်အရွယ်မှာ ပညာသင်ခွင့်မရကြဘဲ ဝမ်းရေးအတွက် အလုပ်လုပ်နေကြရတဲ့ အဲဒီကလေးတွေကို အကူအညီပေးနေ တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေထဲမှာ မြန်မာရွေ့လျား ပညာရေးစီမံကိန်း myME လည်း တခုအပါအဝင်ပါ။

“မြန်မာနိုင်ငံတဝမ်းကြည့်လိုက်ရင် လမ်းထောင့်တွေမှာ၊ မီးပွိုင့်တွေမှာ ပန်း ရောင်းနေတဲ့၊ တခြားပစ္စည်းတွေ ရောင်းနေတဲ့ကလေးတွေ၊ စားသောက်ဆိုင်တွေ၊ ဟော်တယ်တွေအပြင် အိမ်အကူတွေအဖြစ် လုပ်နေတဲ့ကလေးတွေကို နေရာတိုင်းမှာ တွေ့ရမှာပါ။ ပြဿနာက ဒီလို ကလေးတွေအလုပ်လုပ်နေရတာကို တခုခုတော့ လွဲနေ တယ်ဆိုပြီး ဘယ်သူကမှ တကယ်တမ်း မထင်ကြတာပါပဲ။”

ကိုတင်မောင်အေးတို့ရဲ့ myME စီမံကိန်းကနေ ရန်ကုန်နဲ့မန္တလေးမြို့တွေက လက်ဘက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ကလေးငယ် ၆၀၀ ကို ဆိုင်ပိတ်ချိန်တွေကျရင် လက်ဘက်ရည်ဆိုင်ထဲမှာပဲ စာသင်ပေးနေတာပါ။ အဲဒီထဲမှာ အသက်ငါးနှစ် အရွယ်ကတည်းကစပြီး အလုပ်လုပ်နေရတဲ့ အခုတော့ အသက် ၁၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မောင်နိုင်လင်းအောင်လည်း အပါအဝင်ပါ။

“myMEမှာကျတော့ ကျနော့်ကို ကျေင်းသားတွေ အချင်းက ကျနော့်ကိုလာပြောတာပေါ့။ myMEမှာ တက်ရတာ ကိုယ့်ဘဝမှာ ရှေ့လျှောက် ဘာမှ မဖြစ်နိုင်ဘူးဆိုတာ ကြိုပြောလို့မရဘူးပေါ့နော်။ အဲဒါကြောင့်ရှေ့လျှောက် English စာပိုင်း နဲနဲပါးပါးသိလာအောင်၊ ကျန်းမာရေးဗဟုသုတတွေလည်း ရလာအောင် ပြီးတော့ ဒီ လူတွေနဲ့ပြောဆိုဆက်ဆံတက်လာအောင် ကျနော်လာတက်တာပါ။”

ဆင်းရဲမွဲတေမှုနဲ့ မြန်မာနိုင်ငံရဲ့ ညံ့ဖျင်းတဲ့ ပညာရေးစနစ်တို့ဟာ ဒီလို ကလေးတွေ အလုပ်လုပ်နေရတာရဲ့ အခြေခံအကြောင်းရင်း တွေဖြစ်တယ်လို့ အများအပြားက မြင်ကြပါတယ်။ အသက်ဘယ်နှနှစ်မှာမှ စပြီး အလုပ်လုပ်ခွင့်ရမယ် ဆိုတာကိုအလုပ်သမား ဥပဒေတွေမှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာမရှိဘဲ လက်ရှိဥပဒေတွေနဲ့ အကျူံးမဝင်ဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ် ILO တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကလေးတွေ ကျောင်းဆက်တက်နိုင်မယ်၊ ကျောင်းတက် ပညာသင်တာဟာ သူတို့မိသားစုအတွက်၊ သူတို့ ကလေးတွေအတွက် ပိုကောင်းတဲ့အလုပ်အကိုင် ရလာစေ မယ်ဆိုတဲ့ အနာဂတ်ကို သူတို့မြင်နိုင်မယ်ဆိုရင် ဘယ်မိဘမှ သူတို့ကလေးတွေ အလုပ်လုပ်ရတာကို မြင်ချင်မှာမဟုတ်ပါဘူး။”

၂၀၁၄ ခုနှစ်မှာကောက်ခံတဲ့ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံမှာ ကျောင်းမတက်နိုင် တဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ခန့်မှန်းခြေ ၄.၄ သန်းလောက်ရှိပါတယ်။ လူမှုစီးပွားဆန်းစစ်လေ့လာတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Verisk Maplecroft ကုမ္ပဏီရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကလေးလုပ်သားအခြေအနေ အဆိုးရွားဆုံးဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ဆိုမာလီယာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ယီမန် စတဲ့နိုင်ငံတွေနဲ့အတူ ပါနေပါတယ်ခင်ဗျား။

မကြာသေးခင်က ပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေထဲမှာ အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင် အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရေးဆိုတဲ့ အခြေခံမူတခု ထည့်သွင်းပြဌာန်းထားပေမဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နေတာမျိုး အခုချိန်ထိတော့ မကြားရသေးပါဘူး။