ချီလီမိုင်းလုပ်သားတွေရှိရာ ကယ်ဆယ်ရေးလမ်းကြောင်း ပွင့်ပြီ

ချီလီမိုင်းလုပ်သားတွေရှိရာ ကယ်ဆယ်ရေးလမ်းကြောင်း ပွင့်ပြီ

ချီလီမိုင်းလုပ်သားတွေရှိရာ ကယ်ဆယ်ရေးလမ်းကြောင်း ပွင့်ပြီ

ချီလီနိုင်ငံမှာ မြေအောက်မှာ ၂ လကြာ ပိတ်မိနေကြတဲ့ မိုင်းလုပ်သား ၃၃ ယောက်ကို ကယ်တင်မယ့် ကယ်ဆယ်ရေးတွင်းကို ကယ်ဆယ်ရေးလုပ်သားတွေက အပြီးသတ် တူးလိုက်နိုင်ပြီဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာ မိုင်းလုပ်သားတွေကို မြေပေါ်ကို ဆွဲတင်နိုင်တော့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့မနက်က တွင်းတူးလွန်ပူက မိုင်းလုပ်သားတွေရှိရာနေရာကို ရောက်သွားခဲ့တာပါ။ လူတစ်ယောက် မတ်တက်ရပ်ဆန့်ယုံ သယ်နိုင်တဲ့ အိမ်ငယ်လေး အရွယ်ရှိတဲ့ လွန်သွားနဲ့ ဒီတွင်းကို တူးခဲ့ကြတာပါ။ ဒီလွန်က မိုင်းလုပ်သားတွေရှိရာကို ပေါက်သွားလို့ ဥသြဆွဲလိုက်တဲ့အခါမှာတော့ ပိတ်မိနေကြတဲ့ မိုင်းလုပ်သားတွေရဲ့ မိသားစုတွေက ဝမ်းသာအားရ အော်ဟစ်ပြီး အလံတွေကို ဝေ့ယမ်းခဲ့ကြပါတယ်။

ဒီကယ်ဆယ်ရေးတွင်း တူးဖော်ရေး မန်နေဂျာကတော့ အခုလို ခရီးပေါက်သွားတာဟာ ထူးကဲတဲ့ဖြစ်ရပ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ကယ်ဆယ်ရေးဖြစ်စဉ်မှာ အရေးပါတဲ့ ခြေလှမ်းသစ်ဖြစ်တယ်လို့ ချီလီ သတ္ထုတွင်းဝန်ကြီး လောရန်စ် ဂလိုဘွန်း က ပြောပါတယ်။ ဒါပေမဲ့ လုပ်ရမယ့်အလုပ်တွေ အများကြီး ကျန်နေပါသေးတယ်လို့ သူက ဆိုပါတယ်။ ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေကို မိုင်းလုပ်သားတွေနဲ့ မိသားစုတွေက သေသေချာချာ သိထားဖို့လိုပြီး ဒါဟာ အချိန်ယူရမှာ ဖြစ်တာမို့ အေးအေးဆေးဆေး ရှိကြဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။

မိုင်းလုပ်သားတွေကို တစ်ယောက်ပြီးတစ်ယောက် ဆွဲတင်တဲ့အခါ ဒီကယ်ဆယ်ရေးတွင်းကို သတ္ထုပြားတွေနဲ့ကာပြီး အားဖြည့်ဖို့လို မလို ဆုံးဖြတ်ဖို့အတွက် မြေသားအခြေအနေ ကျွမ်းကျင်သူတွေက အကဲဖြတ်ရမှာဖြစ်ပါတယ်လို့ ဝန်ကြီး လောရန်စ် ဂလိုဘွန်း က ပြောပါတယ်။