BRICS ဘဏ်သစ် ရှန်ဟိုင်းမှာ ဖွင့်လှစ်

ဖ့ွံဖြိုးဆဲနိုင်ငံတွေက ကျောထောက်နောက်ခံပေးတဲ့ ဒေါ်လာသန်း ၁ သိန်းတန် နိုင်ငံတကာ ဘဏ်တခုကို ဒီကနေ့ပဲ ရှန်ဟိုင်းမှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ နိုင်ငံတကာဘဏ်တွေကို စိန်ခေါ်လိုက်တာပဲ ဖြစ်တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာက ပြောပါတယ်။

BRICS အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တောင်အာဖရိက၊ ဘရာဇီးလ်၊ အိန္ဒိယ နဲ့ တရုတ်နိုင်ငံ တို့ကြားမှာ ၃ နှစ်ကြာ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးမှ အခုလို ဖွံ့ဖြိုးရေးဘဏ်သစ် ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ နောက်ဘဏ်တခု - အာရှအခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ်ကို ပီကင်းက ကြီးကြပ်ဖွင့်လှစ်ပြီး မကြာခင်မှာပဲ အခုဘဏ်သစ်ကို ထပ်ဖွင့်တာပါ။ ဒီဘဏ်နှစ်ခုလုံးကို တရုတ်က လွှမ်းမိုးချုပ်ကိုင်ထားမယ်လို့ ယူဆရပါတယ်။

AIIB ဘဏ်မှာ တရုတ်က ၃၁% အစုရှယ်ယာပါပြီး NDB ဘဏ်မှာတော့ တခြားနိုင်ငံ လေးနိုင်ငံနဲ့ သာတူညီမျှ ဒေါ်လာသန်း ၅ သောင်းစီ မ, တည်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရှယ်ယာတွေကို နောက် ၁ ဆ ထပ်ထည့်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့နှိုင်းယှဉ်ရင်တော့ ဒီဘဏ်တွေဟာ သေးငယ်ပြီး ကမ္ဘာ့ဘဏ်ကို တကယ်တမ်း စိန်ခေါ်ဖို့က ခက်ခဲလိမ့်မယ်လို့ သုံးသပ်သူအချို့က ပြောပါတယ်။ ပြီးတော့ ဒီဘဏ်တွေက ငွေကြေးထောက်ပံ့တဲ့ စီမံကိန်းတွေဟာ လူ့အခွင့်အရေးကို အကာအကွယ်ပေးပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းဥပဒေတွေကို အသုံးပြုပါ့မလားဆိုတာ ဝေဖန်သူတချို့က မေးခွန်းထုတ်ပါတယ်။