အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်နိုင်ရေးဦးတည်ပြီး တရုတ်နဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံပူးတွဲပြီး စစ်ရေးလေ့ကျင့်မှုကို စနေနေ့က စလုပ်ပါတယ်။
ဒါဟာဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ်နဲ့ ကမ္ဘောဒီးယားရဲ့ ဆက်ဆံရေး အားကောင်းနေတယ် ဆိုတာကို မီးမောင်းထိုးပြသလိုက်တာလည်းဖြစ်ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံ မြို့တော် ဖနွမ်ပင် အနောက်ဖက် မှာ ပြုလုပ်တဲ့ ရွှေနဂါး ၂၀၁၈ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲ အခမ်းနားကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ တောင်ပိုင်းစစ်ဒေသ တပ်မှူး ဗိုလ်ချုပ် Zhang Jian ၊ ကမ္ဘောဒီးယားစစ်ဦးစီးချုပ် Pol Saroeun တို့က ဖွင့်လှစ်ပေးခဲ့တာပါ။
တရုတ်-ကမ္ဘောဒီးယား သံတမန်ရေးဆက်သွယ်မှု နှစ် ၆၀ ပြည့် အခါသမယနဲ့ နှစ်နိုင်ငံအကြား အစဉ်အလာအရ ဆက်ဆံရေးနဲ့ နိုင်ငံရေးအရ ယုံကြည်မှု ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင် ၂၈၀ နဲ့ တရုတ်တပ်ဖွဲ့ဝင် ၂၁၆ ယောက် ပါဝင်ကြောင်း Pol Saroeum က ပြောပါတယ်။
တရုတ်ဟာ ကမ္ဘောဒီးယားမှာ အကြီးမားဆုံးရင်းနှီး မြှုပ်နှံမှုပြုလုပ်ထားတဲ့ နိုင်ငံခြားတိုင်းပြည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင်း အခြေခံအဆောက်အုံ စီမံကိန်းတွေမှာ ဒေါ်လာဘီလီယံများစွာ ရင်းနှီးမြှုပ်နှံထားပါတယ်။
တရုတ်နိုင်ငံကြောင့် ကမ္ဘောဒီးယားဟာ အကျိုးအမြတ်များစွာရရှိနေပါတယ်၊ တရုတ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူစာရင်းမှာ ထိပ်ဆုံးက ရှိနေသလို ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည်ပတ်သူ အများဆုံးတိုင်းပြည်လည်း ဖြစ်ပါတယ်လို့ Pol Saroeum က ပြောပါတယ်။
Your browser doesn’t support HTML5