တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်ကောင်းကောင်းနဲ့ တိုးတက်လာနေချိန်မှာပဲ၊ သူ့ရဲ့ငွေကြေးကို နိုင်ငံတကာအဆင့် ဝင်ဆန့်အောင် ကြိုးပမ်းမယ့် အရိပ်အယောင်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း ကုန်သွယ်မှုတွေမှာ တဘက်စောင်းနင်း ဖြစ်ရတဲ့အထိ တရုတ်နိုင်ငံဟာ သူ့ရဲ့ ယွန်ငွေတန်ဘိုးကို ထိန်းချုပ်ထားတယ်လို့ အမေရိကန်လို အနောက်နိုင်ငံတွေက ဝေဖန်နေတဲ့အတွက် အချေအတင် ပြဿနာတွေလည်း တကျော့ပြန် ကြီးထွားလာနေတာပါ။ တရုတ်ယွန်ငွေ အနာဂတ်နဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Ivan Broadhead ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ငွေကြေးလဲလှယ်နှုန်း အပေါ် ထားရှိတဲ့ မူဝါဒတွေနဲ့ ယွန်ငွေကို နိုင်ငံတကာသုံး အဆင့်အထိ ဖြစ်လာဖို့ ကြိုးပမ်းလာရာက ကမ္ဘာပေါ်က စီးပွားရေး အင်အားအကြီးဆုံး တိုင်းပြည် ၂ ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေး စစ်ပွဲအသွင်အထိ ဦးတည်လာနေပါတယ်။ RMB လို့လည်း ခေါ်ဝေါ်တဲ့ တရုတ်နိုင်ငံသုံး ယွန်ငွေ တန်ဘိုးကို ရှိသင့်တဲ့ ဈေးကွက်ပေါက်ဈေးထက် တန်ဘိုးလျှော့ချထားတာမို့ ပြည်ပတင်ပို့တဲ့ ကုန်တွေကို ဈေးချိုချိုနဲ့ ရောင်းချနိုင်ပြီး ကမ္ဘာ့ဈေးကွက်မှာ အသာစီးရနေတယ်လို့ ကုန်သွယ်ဖက်တွေက ဝေဖန်နေကြတာပါ။
အမေရိကန် ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ဆန်းစစ်လေ့လာနေတဲ့ the Economic Policy Institute ရဲ့ စက်တင်ဘာလထဲ ထုတ်ပြန်တဲ့ စစ်တမ်းထဲမှာတော့ တရုတ်နိုင်ငံက ငွေလဲလှယ်နှုန်းအပေါ် ထိမ်းချုပ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကစလို့ အမေရိကန် နိုင်ငံသား ၃ သန်းလောက် အလုပ်အကိုင်တွေ ဆုံးရှုံးရတဲ့အကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတကာ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ GK Dragonomics က စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး အာသာ ခရိုဘား (Arthur Kroeber) ကတော့ ယွန်ငွေတန်ဘိုးကို ရှိသင့်တာထက် လျှော့ချပြီး၊ ကုန်သွယ်ရေးမှာ ပိုငွေပြဖို့ ဆောင်ရွက်တာဟာ လုပ်ပိုင်ခွင့် အခွင့်အရေး တရပ်အဖြစ် တရုတ်နိုင်ငံက သဘောထားနေတာလို့ ပြောပါတယ်။
ဒါ့ကြောင့်လည်း ဒီနည်းကို စီးပွားရေး မြန်မြန်ဆန်ဆန် တိုးတက်လာစေမယ့် ဖြတ်လမ်းနည်း တခုအဖြစ် အသုံးချနေတဲ့အကြောင်း သူကပြောပါတယ်။
“ချမ်းသာပြီး သြဇာရှိတဲ့ တိုင်းပြည်တခု ဖြစ်လာဖို့ ကနဦးအဆင့် လုပ်ကိုင်ကြရတဲ့ နည်းတွေထဲမှာ ပြည်ပပို့ကုန်တွေ တိုးမြှင့်ဖို့ကလွဲလို့ တခြားလမ်းမရှိပါဘူး။ ပြည်ပပို့ကုန်တွေ တိုးမြှင့်ဖို့ နည်းလမ်းတခု အဖြစ်နဲ့ကတော့ ငွေလဲနှုန်းကို တန်ဘိုးနှိမ့် သတ်မှတ်ထားနိုင်ပါတယ်။ တခြားလူတွေလည်း ဒီလိုနည်းလမ်းကိုသုံးပြီး ကြွယ်ဝလာကြတာပဲလို့ တရုတ်တွေက မြင်ပါတယ်၊ ကျုပ်တို့လည်း ချမ်းသာချင်တယ်၊ တခြားလူတွေလို သူတို့မှာလည်း အလားတူ အခွင့်အရေးရှိတယ်လို့ မြင်ကြတာပါ။”
ဒါပေမဲ့လည်း ကုန်သွယ်မှုတွေမှာ ညီညီမျှမျှ ဖြစ်ဖို့လိုတယ်လို့ ကုန်သွယ်ဖက် အမေရိကန်လို အနောက်နိုင်ငံတွေက စောဒက တက်နေကြတာပါ။ အထူးသဖြင့် တရုတ်နိုင်ငံကို ပစ်မှတ်ထားပြီး၊ ငွေတန်ဘိုး လျှော့ချသတ်မှတ် ထားတယ်လို့ ယုံကြည်တဲ့ တိုင်းပြည်တွေကို တန်ပြန်အရေးယူတဲ့ အစီအစဉ်တွေ လုပ်ဆောင်ဖို့ အမေရိကန် ပြည်ထောင်စုမှာ ကြိုးပမ်းလာကြတဲ့ အထိလည်း ဖြစ်ပါတယ်။ တိုင်းပြည်တခုဟာ ငွေတန်ဘိုးကို လိုသလို ကစားနေပြီး၊ ဒါကိုလည်း ပြင်ဆင်တာတွေ မလုပ်ဘူးလို့ အမေရိကန် တရားရေးဌာနက ဆုံးဖြတ်ရင်၊ ဒီတိုင်းပြည်က ကုန်သွယ်မှုတွေအပေါ် အရေးယူ ဒဏ်ခတ်သွားမယ့် ဥပဒေမူကြမ်း တရပ်ကိုတော့ အောက်တိုဘာလ ၁၁ ရက်နေ့ကပဲ အထက်လွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့တာပါ။
တရုတ်နိုင်ငံကတော့ ဥပဒေမူကြမ်းဟာ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်တယ်၊ နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး အထက်လွှတ်တော်မှာ အတည်ပြုပြီး နောက်တနေ့မှာပဲ တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ အမေရိကန်မှာ အလုပ်အကိုင် ရရှိရေးအတွက် အထောက်အကူ ဖြစ်လာမှာလည်း မဟုတ်သလို၊ ၂ နိုင်ငံ ကုန်သွယ်မှုနဲ့ ဆက်ဆံရေးတွေမှာ အဟန့်အတားတွေသာ ဖန်တီးပေးလိမ့်မယ်လို့လည်း တရုတ်နိုင်ငံက သတိပေးခဲ့တာပါ။
ယွန်ငွေ လဲလှယ်နှုန်းကြောင့် တရုတ်နဲ့ အမေရိကန် ကုန်သွယ်မှုမှာ မညီမမျှ ဖြစ်နေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လေး (Hong Lei) က အစောပိုင်းမှာပဲ ပယ်ချထားတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ ဆွေးနွေးပွဲတွေ အတွင်းမှာလည်း တရုတ်အစိုးရ တာဝန်ရှိသူတွေက ယွန်ငွေ တန်ဘိုးကို တဖြည်းဖြည်း တိုးမြှင့်လာနေတယ်ဆိုတာကို ထောက်ပြပြောဆိုနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ စက်တင်ဘာလ နှောင်းပိုင်းမှာ ဆိုရင်လည်း တရုတ်ယွန်ငွေ တန်ဘိုးဟာ ၂၀၀၅ ခုနှစ်ကနေစလို့ အမြင့်ဆုံး အဆင့်အထိ တက်သွားခဲ့တာပါ။
ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ပြည်ပပို့ကုန် လုပ်ငန်းတွေအပေါ် အဓိက မှီခိုအားထား နေရတဲ့အတွက် ယွန်ငွေတန်ဘိုးကို ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လွှတ်ပေးသွားမလဲ ဆိုတဲ့အပေါ်မှာတော့ ဟောင်ကောင်မှာရှိတဲ့ Richard Ivey စီးပွားရေး တက္ကသိုလ်က ပါမောက္ခချုပ် Janet de Silva တို့လို ကျွမ်းကျင်သူတွေ သံသယရှိနေကြပါတယ်။
“ငွေလဲလှယ်မှုတွေ အပြည့်အ၀ လုပ်နိုင်တဲ့ အဆင့်အထိ တရုတ်နိုင်ငံက ပြောင်းလဲဖို့ ဆိုရင်တော့ RMB တန်ဘိုးကို အကြီးအကျယ် တိုးမြှင့်သွားရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ၂၀% လောက်အထိ တိုးမြှင့်ကောင်း တိုးမြှင့်ရနိုင်တဲ့အတွက်၊ ဒါဟာ တရုတ်နိုင်ငံ ပြည်ပပို့ကုန် တင်ပို့မှုတွေမှာ ထိခိုက်နိုင်ပါတယ်။”
ပြည်ပပို့ကုန်တွေ ဈေးကွက်ထဲ ယှဉ်ပြိုင်ရာမှာ အားနည်းနိုင်သလို၊ တိုင်းပြည်မှာ မတည်မငြိမ်ဖြစ်မယ့် အခြေအနေတွေကို ဦးတည်စေနိုင်တဲ့ အလုပ်အကိုင် လက်လွတ်ဆုံးရှုံးမှုတွေ ဖြစ်နိုင်တာကြောင့် တရုတ်နိုင်ငံကတော့ သူ့ရဲ့ ယွန်ငွေကို ဈေးကွက်ထဲမှာ လွတ်လွတ်လပ်လပ် လွှတ်ပေးဖို့ လက်တွန့်နေတာပါ။ တချိန်တည်းမှာပဲ ငွေတန်ဘိုးကို အစိုးရက ထိန်းချုပ်ထားလို့ ပေးဆပ် နေရတာတွေလည်း ရှိပါတယ်။ အထူးသဖြင့်ကတော့ တရုတ်ယွန်ငွေဟာ နိုင်ငံတကာ ကုန်သွယ်မှုတွေမှာ ကြားခံငွေကြေး အဖြစ် မသုံးကြတဲ့အတွက် နိုင်ငံတကာမှာ မဝန်ဆန့်နိုင်ပဲ ဖြစ်နေရတာပါ။ ဒါပေမဲ့လည်း အခုအခါ နိုင်ငံတကာ ကုန်သွယ်မှုတွေမှာ အဓိက သုံးစွဲနေတဲ့ အမေရိကန်ဒေါ်လာ မတည်မငြိမ် ဖြစ်လာနေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်လာနေကြတာနဲ့အမျှ တရုတ်နိုင်ငံက သူ့ရဲ့ ယွန်ငွေကြေးကို နိုင်ငံတကာမှာ ဝန်ဆန့်လာစေမယ့် လမ်းဆုံလမ်းခွတခုကို ရောက်လာနေပြီလို့ GK Dragonomics က စီးပွားရေး ပညာရှင် ခရိုဘား ကပြောပါတယ်။
အခုကစလို့ ရှေ့လာမယ့် ၁၀ နှစ်ကနေ အနှစ် ၂၀ လောက်မှာ ဒေါ်လာလိုပဲ ယွန်ငွေကို အရန်ငွေကြေးအဖြစ် ဖန်တီးနိုင်အောင် နိုင်ငံတကာအဆင့် ဝန်ဆန့်တဲ့ ငွေစုစာချုပ် ဈေးကွက်တခု ထူထောင်သွားဖို့ တရုတ်ခေါင်းဆောင်တွေ ရည်မှန်းနေကြတယ်လို့လည်း သူကဆိုပါတယ်။
“သူတို့ကြိုးစားနေတာကတော့ ငွေရှင်းတာတွေ၊ သဘောတူ လက်ခံတာတွေလို ကုန်သွယ်မှုတွေမှာ RMB ကို ပိုပြီးတော့ သုံးလာအောင် လုပ်နေတာပါ။ အစဉ်အလာအားဖြင့် အမေရိကန် ဒေါ်လာလို ကုန်သွယ်မှုတွေမှာ သုံးနေတဲ့ ငွေကြေးအပေါ် စိုးရိမ်စရာတွေ ရှိတယ် ဆိုရင်တော့ ကိုယ်ပိုင်ငွေကြေးကို သုံးစွဲတာဟာ နည်းလမ်းကောင်း တခုပါ။”
ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကိုတော့ တရုတ်နိုင်ငံမှာ ကန့်သတ်ထားဆဲ ဖြစ်ပေမဲ့ အထူးအုပ်ချုပ်ခွင့်ရ ဟောင်ကောင်က တဆင့် ရင်းနှီးမြုပ်နှံနိုင်တဲ့ အစီအစဉ်တချို့တော့ ရှိပါတယ်။ ဟောင်ကောင်မှာ ၂၀၀၉ ခုနှစ်ကစလို့ အစိုးရ ငွေစုစာချုပ်တွေကို ယွန်ငွေနဲ့ ရောင်းချနေခဲ့တာပါ။ ငွေစုစာချုပ်တွေကို ပြန်လည်ပေးအပ်တဲ့နှုန်းဟာ ဒေါ်လာနဲ့ ရောင်းဝယ်နေတဲ့ ဈေးကွက်တွေထက် သက်သာတဲ့ အတွက်လည်း၊ ငွေကြေးဈေးကွက်မှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်းစားကြတဲ့ တရုတ်ကုမ္ပဏီတွေသာမက Tesco နဲ့ BP တို့လို နိုင်ငံတကာ လုပ်ငန်းကြီးတွေကိုပါ ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ယွန်ငွေတန်ဘိုး မြင့်တက်လာတာနဲ့အမျှ အကျိုးအမြတ်ရှိနိုင်တာမို့ ၁.၇% လောက်အထိ အမြတ်အစွန်း အနည်းအကျဉ်း ရရင်တောင် ကျေနပ်ကြလိမ့်မယ်လို့ ဟောင်ကောင်မှာရှိတဲ့ Richard Ivey စီးပွားရေး တက္ကသိုလ်က ပါမောက္ခချုပ် de Silva ကပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်ကို ကြည့်မယ်ဆိုရင် အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ RMB တန်ဘိုး တိုးမြှင့်တဲ့နှုန်းက ၆% တဝိုက်လောက်မှာ ရှိပါတယ်။ ရှေ့လာမယ့် ၅ နှစ်အတွက် ခန့်မှန်းချက်ကတော့ တနှစ်ကို ၄% လောက်ရှိပါတယ်။ ဒါကြောင့်လည်း ၁.၇% အမြတ်နဲ့ ၄% ကို ထပ်ပေါင်း လိုက်မယ်ဆိုရင် ဒါဟာ အတော့်ကို မက်လောက်တဲ့ အနေအထားပါ။”
ယွန်ငွေတန်ဘိုး မြင့်တက်လာတဲ့အပေါ် ရင်းနှီးမြုပ်နှံသူတွေ အလောင်းအစားလုပ်ကောင်း လုပ်ကြမှာ ဖြစ်ပေမဲ့လည်း တကယ်စစ်စစ်မှန်မှန် ဈေးကွက်ထဲမှာ လွတ်လွတ်လပ်လပ် လွှတ်ပေးတဲ့ အဆင့်အထိ ဖြစ်လာနိုင်ပါ့မလား ဆိုတဲ့အပေါ်မှာတော့ သံသယရှိနေကြဆဲပါ။ တရုတ်ယွန်ငွေ ကမ္ဘာသုံးအဆင့် တဖြေးဖြေး ရောက်လာပြီး၊ ငွေကြေးလဲလှယ်ရာ၊ စုဆောင်းရာတွေမှာ တန်ဘိုးရှိတဲ့ ကြားခံအဖြစ် ပိုမိုသုံးစွဲလာမယ့် အလားအလာတွေ ရှိနေပေမဲ့လည်း ငွေကြေးဆိုင်ရာ မူဝါဒတွေဟာ သူတို့ ပြဋ္ဌာန်းတဲ့ အတိုင်းသာဖြစ်ရမယ်၊ ကုန်သွယ်ဖက်တွေက သတ်မှတ်တာမျိုး မဖြစ်စေရဘူးလို့လည်း တရုတ်ခေါင်းဆောင်တွေက ပြောထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။