မန္တလေးကောင်စစ်ရုံး တိုက်ခိုက်မှု ဖော်ထုတ်အရေးယူဖို့ တရုတ်နိုင်ငံတောင်းဆို

တရုတ်နိုင်ငံ ပေကျင်းမြို့တော် တရုတ်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian (အောက်တိုဘာ ၂၁၊ ၂၀၂၄)

မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ရုံးကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခိုက်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

“တိုက်ခိုက်မှုကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ကျုးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေနဲ့အညီအရေးယူဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ကောင်စစ် အရာရှိတွေ၊ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေနဲ့ လူပုဂ္ဂိုလ်တွေ လုံခြုံရေး တိုးမြှင့်ဖို့နဲ့ နောက်နောင် အလားတူထပ်မဖြစ်အောင် မြန်မာကို တောင်းဆိုထားပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က ပေကျင်းမြို့တော်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့နှောင်းပိုင်းတုန်းက မန္တလေးမြို့က တရုတ်ကောင်စစ်ရေးရာရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ၂ ထပ်ဆောင် ခေါင်မိုးအနည်းအကျဉ်း ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူနဲ့တခြားထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ရာက နောက်ဆက်တွဲ ပဋိပက္ခတွေ ကျယ်ပြန့်လာခဲ့ပေမဲ့ တရုတ်သံတမန်ရေးရာ နေရာတခုကို တိုက်ခိုက်ခံရတာ ဒီတကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ကြေညာတာမျိုး မရှိပေမဲ့ စစ်ကောင်စီကတော့ အကြမ်းဖက်သမားတွေ လက်ချက်အဖြစ် စွပ်စွဲထားပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနကတော့ တိုက်ခိုက်ခံရမှုအတွက် တုန်လှုပ်မိကြောင်းနဲ့ ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

မန္တလေးကောင်စစ်ရုံး တိုက်ခိုက်မှု ဖော်ထုတ်အရေးယူဖို့ တရုတ်နိုင်ငံတောင်းဆို