နှစ် ၉၀ ကွန်မြူနစ် အစိုးရလက်အောက် တရုတ်နိုင်ငံ စီးပွားရေး

တရုတ်ကွန်မြူနစ် အစိုးရရဲ့ အုပ်ချုပ်မှု အနှစ် ၉၀ ပြည့်လာချိန်မှာ စီးပွားရေးဟာလည်း တရှိန်ထိုး တက်လာတာ တွေ့ရပါတယ်။

ဇူလိုင် ၄၊ ၂၀၁၁-တရုတ်ကွန်မြူနစ် အစိုးရလက်ထက် စီးပွားရေး တဟုန်ထိုး တိုးတက်လာပေမဲ့၊ နည်းမှန်လမ်းမှန် ဟုတ်ပါရဲ့လား မေးခွန်းထုတ်နေကြပါတယ်။

ကမ္ဘာ့စီးပွားရေး အခင်းအကျင်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကြီးမားတဲ့ အပြောင်းအလဲတွေကို တွေ့မြင်ရတဲ့ အထဲမှာ တရုတ်နိုင်ငံလောက် မြန်မြန်ဆန်ဆန် ကြီးထွားမှုမျိုးကိုတော့ ဘယ်မှာမှ မတွေ့ရပါဘူး။ ဇူလိုင်လ ၁ ရက်နေ့မှာ နှစ်ပေါင်း ၉၀ ပြည့်သွားတဲ့ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက် ဒီလို အရှိန်အဟုန် ကောင်းကောင်းနဲ့ ကြီးထွားလာနေတဲ့ တချိန်တည်းမှာ လိုအပ်တဲ့ အရင်းအမြစ်တွေကိုရဖို့ တခြားတိုင်းပြည်တွေကို ခုတုံးလုပ် အသုံးချနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းဆောင်းပါးတွေကို စုစည်းပြီး ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၉၀ ကြာ ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုအောက်မှာ အခုနောက်ဆုံး တရုတ်နိုင်ငံဟာ ဒေါ်လာဘီလီယံပေါင်း ၃ သန်းကျော် နိုင်ငံခြား အရန်ငွေကြေးတွေ စုဆောင်းနိုင်တဲ့အထိ ဖြစ်လာခဲ့သလို၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ဘဏ်က ချေးနေတဲ့ ငွေကြေး ပမာဏထက်တောင် ပိုများပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး ငွေချေးတဲ့ တိုင်းပြည်တခုလည်း ဖြစ်လာပါတယ်။ ဒီလို ဓနအင်အား ကြီးထွားလာနေတာနဲ့အမျှ ကမ္ဘာပေါ်မှာ နိုင်ငံရေးသြဇာတွေလည်း ချဲ့ထွင်လာနေတာပါ။ ပြည်တွင်း ကုန်ထုတ်လုပ်မှု အနေနဲ့ ကမ္ဘာပေါ်မှာ စတုတ္ထအများဆုံးဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု ဟာဆိုရင်လည်း ၁ ဒေါ်လာ သုံးစွဲတိုင်း ပြား ၄၀ ဟာ အကြွေး ဖြစ်နေပြီး ချေးငွေအတွက် ပေးနေရတဲ့ အတိုးငွေ အများစုကိုလည်း ကြွေးရှင် တရုတ်နိုင်ငံက ရနေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ တရုတ်နိုင်ငံက အမေရိကန်နဲ့ ဆက်ဆံရေးမှာ အသာရစေမယ့် အခြေအနေမျိုးတွေ ပေါ်ပေါက်လာစေတယ်လို့ ဝါရှင်တန်မြို့တော်မှာရှိတဲ့ Brookings တက္ကသိုလ်က နိုင်ငံတကာ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ဒိုမီနီကို လွန်ဘာဒီ (Domenico Lombardi) က မြင်ပါတယ်။
“တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုအတွက် အရေးကြီးတဲ့ ကြွေးရှင်နိုင်ငံတခု ဖြစ်လာတယ်ဆိုတာ ရှင်းပါတယ်။ ဒါ့ကြောင့်လည်း တရုတ်နိုင်ငံက ၂ နိုင်ငံကြား ဆွေးနွေးပွဲတွေမှာ ကြီးကြီးမားမား ဖိအားပေးတာမျိုး ပိုလုပ်နိုင်လာသလို၊ အမေရိကန်နဲ့တရုတ် ၂ ဘက်အကြား ဆက်ဆံရေးမှာလည်း အဲဒါကို ကျနော်တို့ တွေ့နေရပါတယ်။”

နှစ်စဉ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၈% တဝိုက်လောက်နဲ့ ကြီးထွားနေတာမို့ တရုတ်နိုင်ငံဟာ စီးပွားရေး မဟာအင်အားကြီး နိုင်ငံတခုအဖြစ် မကြာခင် ဆယ်စုနှစ်တွေအတွင်း ထွက်ပေါ်လာလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြတာပါ။ ဒါပေမဲ့လည်း ဒီလို စီးပွားရေး အရှိန်အဟုန် အားကောင်းလာရတဲ့ အကြောင်းရင်း တခုအဖြစ် ပြည်ပဈေးကွက်တွေမှာ ဈေးချိုချိုနဲ့ ကုန်တွေ တင်ပို့နိုင်အောင် သူ့ရဲ့ယွန်ငွေကြေးကို ရှိသင့်တာထက် လျှော့ချထားတာကြောင့် ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ တန်ဘိုးလျှော့ချထားတဲ့ ယွန်ငွေကြောင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ အကြီးအကျယ် လိုငွေပြနေသလို၊ အမေရိကန် နိုင်ငံသား ထောင်ပေါင်းများစွာ အလုပ်အကိုင်တွေ ဆုံးရှုံးရကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ ဝါရှင်တန် အခြေစိုက် Carnegie တက္ကသိုလ်ရဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးဌာနက အာရှရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ယူကွန် ဟွန် (Yukon Huang) ကတော့ ယွန်ငွေသာ တန်ဘိုးတက်လာမယ်ဆိုရင် တရုတ်နိုင်ငံ အနေနဲ့ သူ့ရဲ့ စားရိတ်သက်သာတဲ့ ကုန်ပစ္စည်းတွေ တင်ပို့ရာ ဈေးကွက်တွေ ဆုံးရှုံးနိုင်တယ်လို့ သတိပေးခဲ့တာပါ။ ဒီလိုအခြေအနေမှာ တန်ဘိုးကြီးမားတဲ့ ဈေးကွက်တွေနဲ့ နည်းပညာဆိုင်ရာ ကုန်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချပြီး အမေရိကန်နဲ့ ယှဉ်ရတဲ့ ဂျပန်နိုင်ငံလို ပုံစံမျိုး လုပ်လာရတဲ့ အဖြစ်မျိုးနဲ့ ကြုံရနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
“ကျနော့်အမြင်မှာတော့ ငွေကြေးလဲလှယ်နှုန်း မြင့်လာတာက အမေရိကန် ပြည်ထောင်စုနဲ့ ကုန်သွယ်မှု ကွာဟချက် နည်းပါးလာမယ့်အစား ပိုပြီးတော့တောင် ကြီးမားလာနိုင်ပါတယ်။ အမေရိကန် ဝယ်ယူစားသုံးသူတွေအတွက် တကယ်တမ်းမှာ ပိုကောင်းလာမယ့်အစား အခြေအနေတွေ ပိုတောင် ဆိုးလာနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလို ငွေကြေးလဲလှယ်နှုန်း မြင့်လာလို့ ဘယ်သူ အကျိုးရှိမလဲ ဆိုရင်တော့ တခြား အသစ်ထွက်ပေါ်လာနေတဲ့ ဈေးကွက်တွေပဲ ဖြစ်ပါတယ်။”

တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုတွေဟာ နိုင်ငံရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ တိုင်းပြည်တွေရဲ့ အခြေအနေတွေကို မျက်နှာလွှဲပြီး ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေအပေါ် အခြေခံထားတယ်လို့လည်း ဝေဖန်မှုတွေလည်း ရှိပါတယ်။ ကြီးထွားလာနေတဲ့ စီးပွားရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ စွမ်းအင်တွေ ရရှိဖို့ အနောက်နိုင်ငံ အတော်များများက မဆက်ဆံချင်ကြတဲ့ အာရှတိုက်က မြန်မာနိုင်ငံ၊ အာဖရိကတိုက်က ဇင်ဘာဘွေ နိုင်ငံတွေလို တိုင်းပြည်တွေနဲ့ ဆက်ဆံမှုတွေ ရှိနေတယ်လို့ ထောက်ပြနေကြတာပါ။

ဒီလို နိုင်ငံတကာ အသိုင်းအဝန်းမှာ မဝင်ဆန့်တဲ့ တိုင်းပြည်တွေနဲ့ ဆက်ဆံမှုတွေဟာ စီးပွားရေး အကျိုးအမြတ်သာမက ကမ္ဘာပေါ်မှာ နိုင်ငံရေး သြဇာချဲ့ထွင်လိုတဲ့ ရည်မှန်းချက်တွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ အတ္တလန်တိတ်ကောင်စီ အာဖရိကလေ့လာရေးဌာန ညွှန်ကြားရေးမှူး ပီတာ ဖန် (Peter Pham) တို့လို အကဲခတ်တွေက သုံးသပ်ကြပါတယ်။
“အာဖရိကတိုက်က လက်ရှိ ၅၃ နိုင်ငံ၊ မကြာခင်မှာ ၅၄ နိုင်ငံ ဖြစ်လာတော့မယ့် အပေါ်မှာ တရုတ်နိုင်ငံရဲ့ သံတမန်ရေး သြဇာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဆွေးနွေးပြောဆိုစရာတွေ ဖြစ်လာနေပါတယ်။ ဒီလိုပဲ၊ ကမ္ဘာပေါ်မှာ နိုင်ငံရေးအသွေးအရောင် ပိုစုံလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ အမျိုးသားရေး အကျိုးစီးပွားတွေကို ပိုပြီး ချဲ့ထွင်လာနိုင်တဲ့ အခြေအနေတွေကိုလည်း ဖန်တီးပေးနေတာပါ။”

အထူးသဖြင့် အာဖရိကတိုက်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပစ်မှတ်ထား နှိပ်ကွပ်မှုတွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ ဆူဒန်နဲ့ ဇင်ဘာဘွေတို့လို တိုင်းပြည်တွေနဲ့ တရုတ်နိုင်ငံဟာ နီးနီးကပ်ကပ် ဆက်ဆံနေတာ ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံကို နှစ်ပေါင်း ၃၀ အုပ်ချုပ်လာတဲ့ သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) ကို တရုတ်နိုင်ငံက အားပေးထောက်ခံမှုတွေ ပေးနေသလို၊ အပြန်အလှန်အနေနဲ့ ဇင်ဘာဘွေနိုင်ငံက တွင်းထွက်ပစ္စည်း တူးဖော်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို တရုတ်နိုင်ငံက လုပ်ကိုင်ခွင့်ရထားတာပါ။

ဒီလိုပဲ စွမ်းအင်အရင်းအမြစ်တွေ ကြွယ်ဝတဲ့ ဆူဒန်နိုင်ငံမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေကို လျစ်လျူရှုပြီး ကိုယ်ကျိုးစီးပွားကို ဦးစားပေး လုပ်ကိုင်နေတယ်လို့ အာဖရိကရေးရာ ကျွမ်းကျင်သူ ပီတာ ဖန် ကပြောပါတယ်။
“တရုတ်နိုင်ငံဟာ ဗဟိုအစိုးရနဲ့ပဲ ဆက်ဆံနေတဲ့ မူဝါဒကို ပြောင်းလဲပြီး တောင်ပိုင်းဆူဒန်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာဟာ အခုဆိုရင် နှစ်တော်ကြာနေပါပြီ။ ဒီအပြောင်းအလဲရဲ့ တစိတ်တဒေသအားဖြင့်ကတော့ ကိုယ်ကျိုးစီးပွားကြောင့် ဖြစ်တယ်ဆိုတာ သေချာပါတယ်။ တောင်ပိုင်း ဆူဒန်ဟာ ရေနံသိုက်တွေ အကြီးအကျယ် ရှိနေတာပါ။။ ဒီမူဝါဒရဲ့ တစိတ်တပိုင်း အဖြစ်နဲ့လည်း အာဖရိက တိုင်းပြည်တွေ၊ အာဖရိကတိုက်က ပြည်သူတွေနဲ့ တရုတ်နိုင်ငံတို့ အပြန်အလှန် တုန့်ပြန်မှုတွေမှာလည်း ဖြစ်ပေါ် ပြောင်းလဲမှုတွေ ရှိလာပါတယ်။”

အာရှတိုက်မှာတော့ အိမ်နီးချင်း မြန်မာနိုင်ငံက စွမ်းအင်အပါအဝင် အရင်းအမြစ်တွေ ရရှိရေး တရုတ်နိုင်ငံဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီး ကျောထောက်နောက်ခံ ပေးနေတယ်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံမှု အများဆုံးအဖြစ် ဒေါ်လာသန်းပေါင်း ၁၂,၃၀၀ အထိ ရှိနေတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြထားကြတာပါ။ ဒီအထဲက အများစုဟာ တရုတ်နိုင်ငံကို သွယ်တန်းနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ၂ ခု တည်ဆောက်ရေး လုပ်ငန်းမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန (CSIS) က ကျွမ်းကျင်သူ Ernest Bower ကတော့ စွမ်းအင် အရင်းအမြစ်တွေ ကြီးကြီးမားမား ရှိနေတဲ့ တိုင်းပြည်နဲ့၊ လောင်စာ လိုအပ်ချက်တွေ ရှိနေတဲ့ တိုင်းပြည်တွေအဖြစ် မြန်မာနဲ့ တရုတ်နိုင်ငံတို့ကြား အပြန်အလှန် အကျိုးစီးပွားတွေအတွက် ဆက်ဆံနေကြတာလို့ မြင်ပါတယ်။
“စွမ်းအင်အရင်းအမြစ်တွေ ရေရှည်ရနိုင်ဖို့ တရုတ်နိုင်ငံက အကြီးအကျယ် အာရုံစိုက်နေတာဖြစ်ပြီး၊ မြန်မာနိုင်ငံကလည်း ဒါကို ဖြည့်ဆည်းပေးနေတာပါ။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့သိုက်တွေ အကြီးအကျယ်ရှိသလို၊ ရေနံတွေ ကမ်းလွန်တွင်းတွေလည်း ရှိနေပြီး၊ ပမာဏအားဖြင့်ကတော့ ကျနော်တို့ အသေအချာ မသိရသေးပါဘူး။”

ဒီလို စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးအမြတ်တွေ မျှော်ကိုးပြီး အနောက်နိုင်ငံတွေက ဝိုင်းပယ်ထားတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေကို တရုတ်နိုင်ငံက အားပေး ထောက်ခံနေတာမို့ ရေရှည်မိတ်ဖက်အဖြစ် နိုင်ငံတကာ အသိုင်းအဝန်းက သူ့အပေါ် ယုံကြည် အားထားလာကြမယ့် အခြေအနေတွေကို လျော့ပါးစေနိုင်တယ်လို့လည်း သူကသတိပေးပါတယ်။ ဒီလိုပဲ တရုတ်နိုင်ငံ အနေနဲ့ နာမည်ဆိုးရှိတဲ့ တိုင်းပြည်တွေကို အားပေး ထောက်ခံမှုတွေကြောင့် အာရှတိုက်နဲ့ တခြားဒေသတွေမှာ သြဇာကြီးထွားလာနိုင်ဖို့ အလားအလာတွေဟာလည်း မှေးမှိန်နိုင်တယ်လို့ ရှုမြင်နေကြတာဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။