တရုတ်နိုင်ငံ စီးပွားရေး ဆက်အားနည်း နှေးကွေးလာနေတယ်လို့ အမျိုးသားစာရင်းအင်းအဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ တရုတ်အမျိုးသားစာရင်း အင်းဗျုရိုက ဒီနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ စက်မှုထုတ်ကုန်၊ လက်လီအရောင်းနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးတွေ July လထက် August လမှာ ကျဆင်းသွားခဲ့ပါတယ်။
စီးပွားရေး အားကောင်းဖို့ ပြည်တွင်းဝယ်လိုအား မလုံလောက်သေးသလို ရေရှည်စီးပွားရေး တိုးတက်ဖို့ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ဆက်လက်ကြိုးစားနေရတုန်းပဲလို့ အမျိုးသားစာရင်းအင်းဗျုရိုက စီးပွားရေးဆိုင်ရာ အရာရှိချုပ် Liu Aihua က ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်လွန်ကာလ စီးပွားရေးနှေးကွေးမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စားသုံးသူတွေဘက်က ဝယ်လိုအား ကျဆင်းနေသလို၊ စက်ရုံတွေရဲ့ ထုတ်လုပ်မှု နည်းသွားချိန်မှာ၊ ငွေကြေးဖောင်းပွမှု လျော့နည်းအောင် ဆက်တိုက်ကြိုးစားမှုတွေကို လုပ်နေရတာပါ။ စီးပွားရေး တိုးတက်အောင် တရုတ်ခေါင်းဆောင်တွေက ထုတ်လုပ်ရေးပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်နေပေမဲ့ ကိုဗစ်ကာလထဲက တန့်နေတဲ့ စီးပွားရေးဟာ မျှော်လင့်ထားတာထက် တိုးတက်မှုနှုန်း နှေးကွေးနေတာ ဖြစ်ပါတယ်။