တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချုန်ကင်း (Chongqing) မြို့မှာ အဆင့်မြင့် ရဲအရာရှိဟောင်းလည်းဖြစ်၊ တရားရေး အရာရှိလည်း ဖြစ်ခဲ့သူတဦးကို အဂတိ လိုက်စားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး သေဒဏ် စီရင်လိုက်ပါတယ်။
ရာဇဝတ်ဂိုဏ်းတွေကို အကာအကွယ် ပေးလို့ရယ်၊ လာဘ်ပေးလာဘ်ယူ လုပ်လို့ရယ်၊ မုဒိမ်းမှုရယ်နဲ့ မစ္စတာ ဝမ်ချင်း (Mr Wen Qiang) ကို ပြစ်ဒဏ်ချခံရပြီး ၂ လ အကြာမှာပဲ ဗုဒ္ဓဟူးနေ့က သူ့ကို သေဒဏ် စီရင်လိုက်တာပါ။
၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ အဖမ်းမခံရခင်မှာတော့ အသက် ၅၅ နှစ်အရွယ် မစ္စတာဝမ်ဟာ ချုန်ကင်းမြို့က တရားရေးဌာနရဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့တာပါ။ သူဟာ လူဦးရေ သန်းပေါင်း ၃၀ နေထိုင်တဲ့ ချုန်ကင်းမြို့ရဲ့ ဒု-ရဲချုပ်အဖြစ်လည်း ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ချုန်ကင်းမြို့မှာ အစုအဖွဲ့နဲ့ စနစ်တကျ လုပ်ဆောင်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်း လူပေါင်း ရာပေါင်းများစွာ ဖမ်းခံခဲ့ရတုန်းက မစ္စတာဝမ်လည်း ပါသွားတာပါ။ တရုတ်နိုင်ငံတလွှားမှာ ဒီလိုလုပ်ရပ်နဲ့ နာမည်ရ လူကြိုက်များလာတဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲ ဘို ဇီလယ်လ် (Bo Xilal) က ဒီစစ်ဆင်ရေးကို ဦးဆောင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။