တရုတ်နိုင်ငံ မုတ်သုန်မိုးကြောင့် အနည်းဆုံး ၁၀ ဦးသေ

အိမ်နီးချင်း တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း မကြုံစဖူး မိုးပြင်းထန်စွာ ရွာသွန်းခဲ့တာမို့ မြို့တော် ဘေဂျင်းမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရတဲ့အပြင် လူပေါင်း ငါးသောင်းလောက်ကို ဘေးလွတ်ရာ နေရာဒေသကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စနေနေ့က စတင်ပြီး မိုးသက်မုန်တိုင်း ကျရောက်ခဲ့တာဟာ တနင်္လာနေ့အထိ ဆက်ပြီး ရှိနိုင်တယ်လို့ တရုတ်အစိုးရ ရှင်ဟွာ သတင်းမှာ ဖော်ပြကြပါတယ်။

ဒီရေလွှမ်းမိုးမှုကြောင့် ဒေသခံ လူတော်တော်များများနဲ့ မော်တော်ကားတွေပါ မျောပါခဲ့ကြပါတယ်။ ဘေဂျင်းမြို့ ဆင်ခြေဖုံးဒေသဖြစ်တဲ့ Fangshan ရပ်ကွက်မှာ စနေနေ့က ၁၈ လက်မလောက် ရေဖုံးလွှမ်းခဲ့တာမို့ ဒါဟာ ၁၉၅၁ ခုနှစ်က စံချိန်ကို ချိုးခဲ့တယ်လို့ ဆိုပါတယ်။ ဘေဂျင်းမြို့နားမှာ ပျမ်းမျှ ၁၇ စင်တီမီတာလောက် မိုးရွာသွန်းခဲ့တာ ဖြစ်ပါတယ်။ အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် သေဆုံးသူဦးရေ အခုထက် ပိုတိုးလာနိုင်သလို ကယ်ဆယ်ရေး လုပ်သားတွေ အပါအဝင် လူအများအပြား သေဆုံးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လူပေါင်း တစ်သောင်းခွဲလောက် ကို ဘေးလွတ်ရာ အမြန် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စနေနေ့အတွက် ဘေဂျင်း နိုင်ငံတကာလေဆိပ်မှာ လေကြောင်းခရီးစဉ် ၄၀၀ ကျော် ဖျက်သိမ်းခဲ့တာမို့ ခရီးသည်ပေါင်း တစ်သောင်းလောက် လေဆိပ်တွေမှာ ပိတ်မိနေခဲ့ပါတယ်။