တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြေပြိုမှု ၄၆ ယောက်သေ

ယူနန်ပြည်နယ် မြေပြိုမှုတွင်း ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေစဉ်။ (ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၁၃)။

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှာ ရက်ပေါင်းအတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ရာမှာ ပြီးခဲ့တဲ့ သောကြာနေ့က Gaopo ဆိုတဲ့ ရွာမှာ မြေပြိုမှုကြောင့် ကလေးငယ်တွေ အပါအဝင် ၄၆ ဦးသေဆုံးတယ်လို့ သိရပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးသူတွေထဲ က နောက်ဆုံးကျန်တဲ့ ရုပ်အလောင်းတွေကို တွေ့တဲ့နောက်မှာ ပျောက်ဆုံးသူတွေ အားလုံး တွေ့ပြီဖြစ်လို့ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ယူနန်ပြည်နယ်မှာ ရက်ပေါင်းများစွာ နှင်းကျပြီး မိုးဆက်တိုက် ရွာသွန်းခဲ့မှုကြောင့် လူနေအိမ်ခြေ တော်တော်များများ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ ပါတယ်။ ပြည်နယ်အစိုးရက မြေအနေအထား မက်စောက်တာ၊ ငလျင်ဒဏ်ကြောင့် မြေသား ပွတာတွေဟာ မြေပြိုမှုဖြစ်အောင် ပိုပြီး အားပေးတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြေပြိုမှုဟာ ဒေသတွင်းက မိုင်းတူးဖော်မှုတွေနဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတဲ့အချက်ကို ငြင်းပယ်လိုက်ပြီး ဒါဟာ သဘာ၀ ဘေးအန္တရာယ်သာ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီဒေသမှာ မိုးသည်းထန်တာ၊ ငလျင်လှုပ်တာ၊ ရွှံ့မြေပြိုတာတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။ အဲဒီဒေသနဲ့ ထိစပ်နေတဲ့ ခရိုင်တခုမှာ ပြီးခဲ့တဲ့လတုန်းက ငလျင်လှုပ်ခဲ့တာမှာ ၈၁ ဦး သေဆုံးခဲ့ ပါတယ်။ နောက်တလ အကြာမှာ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့အတွက် မူလတန်းကျောင်းတကျောင်း နစ်မြှုပ်ခဲ့ပြီး လူကြီးတဦးနဲ့ စာသင်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။