တရုတ် မြေပြိုဒေသ နောက်ထပ် မိုးကြီးရွာမယ့်အရေး စိုးရိမ်နေကြရ

တရုတ်နိုင်ငံ အနောက်မြောက်ဘက်မှာ ရေကြီး မြေပြိုကျမှုရာက အပျက်အစီးတွေ အောက်က အလောင်း ရာပေါင်းများစွာကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက် သေဆုံးသူ အရေအတွက်ဟာလည်း ၁,၁၀၀ ကျော်အထိ တိုးလာပါတယ်။

ဂန်ဆု (Gansu) ပြည်နယ်ထဲမှာ သေဆုံးသူ စုစုပေါင်း ၁,၁၁၇ ယောက် ရှိခဲ့ပြီး အများစုဟာ Zhouqu မြို့က ဖြစ်တယ်လို့ အာဏာပိုင်တွေက မနေ့ကပဲ အတည်ပြုလိုက်တာပါ။

ဒီမြို့က ရွှံ့ပုံတွေကြားမှာ စစ်သားနဲ့ အရေးပေါ် ကယ်ဆယ်ရေး ၁၀,၀၀၀ ကျော်တို့ကတော့ ဆက်လက် တူးဖော် ရှင်းလင်းနေကြဆဲပါ။ သေဆုံးသူတွေရဲ့ အလောင်းတွေကို နောက်ထပ် ရှာတွေ့လာပြီ ဖြစ်တဲ့အတွက် ပျောက်ဆုံးသူ အရေအတွက်ဟာ ၁,၀၀၀ ကျော်ကနေ ၆၂၇ ယောက်ထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ရက်အတော်ကြာ မိုးအပြင်းအထန် ဆက်လက် ရွာသွန်းဦးမယ်လို့ ခန့်မှန်းထားတဲ့ အတွက်လည်း တနင်္ဂနွေနေ့ကလို မြေပြိုကျမှုတွေ နောက်ထပ် ကြုံရမှာကို စိုးရိမ်နေကြပါတယ်။

ဒေသခံ အာဏာပိုင်တွေကတော့ ဒီဒေသနားမှာရှိတဲ့ Bailong မြစ်ကို ရွှံ့တွေ၊ အပျက်အစီးတွေနဲ့ ပိတ်ဆို့ပြီး ဖြစ်ပေါ်နေတဲ့ ရေကန်ကြီးရဲ့ အရွယ်အစားကိုတော့ လျှော့ချနိုင်ခဲ့တာမို့ ရေကာတာ ကျိုးပေါက်သလို ကြုံရမယ့် ဘေးအန္တရာယ် လျော့ပါးသွားပြီလို့ ဆိုပါတယ်။

သန့်ရှင်းတဲ့ရေနဲ့ တကိုယ်ရေ သန့်ရှင်းမှု အခြေအနေတွေ မရှိတဲ့အတွက် ရောဂါဘယတွေ ပြန့်ပွားမှာကို တားဆီးနိုင်ဖို့လည်း အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ကြိုးပမ်းနေကြတာပါ။ အာဏာပိုင်တွေက လောလောဆယ် မြေပြိုမှုဒဏ် ခံရတဲ့ ဒေသထဲမှာ အလောင်းတွေထားဖို့ ယာယီ ရေခဲတိုက်တွေကို ဖွင့်လှစ်ခဲ့ကြပါတယ်။