တရုတ်စစ်လက်နက်တွေ အာဖဂန်ရောက်

အာဖဂန်နိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbani( ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးယန်ကြီး Wang Yi

အာဖဂန်အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အကူငွေ ဒေါ်လာသန်းနဲ့ချီပြီးပေးအပ်ဖို့ ကတိပြုထားတဲ့ တရုတ်အစိုးရက အကူအညီ တစိတ်တပိုင်းအနေနဲ့ ပထမအသုတ်အဖြစ်ပေးပို့တဲ့ တရုတ်စစ်လက်နက် ပစ္စည်းကိရိယာတွေ အာဖဂနစ္စတန်ကို ရောက်ရှိလာပါတယ်။

တရုတ်တို့ရဲ့ စစ်လက်နက်အထောက်အကူတွေတင်ဆောင်လာတဲ့ ရုရှားကုန်တင်လေယာဉ်ဟာ တနင်္ဂနွေနေ့မှာ Kabul မြို့ကို ရောက်လာပြီး ဒီပစ္စည်းတွေကို အာဖဂနစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Jing က အာဖဂန်အမျိုးသား လုံခြုံရေးအကြံပေး Hanif Atmar ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ပို့ဆောင်တဲ့ပစ္စည်းတွေထဲမှာတော့ အာဖဂန်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့တွေအတွက် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ၊ စစ်သုံးယာဉ် အစိတ်အပိုင်းတွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်တွေလည်း ပါဝင်ပုံရပါတယ်။ တရုတ်အစိုးရအနေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပါအဝင် အာဖဂန်အစိုးရနဲ့ရော အာဖဂန်ပြည်သူတွေနဲ့ပါ နိုင်ငံအချင်းချင်း ရေရှည် ပုံမှန် ဆက်ဆံရေးရှိဖို့ လိုလားတယ်လို့လည်း တရုတ်သံအမတ်ကြီး Yao Jing က ပြောဆိုခဲ့ပါတယ်။

အာဖဂန်အမျိုးသား လုံခြုံရေးအကြံပေး Hanif Atmar ကတော့ ဒီစစ်ပစ္စည်းအကူညီတွေဟာ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ဖြစ်ပြီး ဒီတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက အာဖဂန်ပြည်သူတွေနဲ့အတူ ရပ်တည်လာတယ်လို့သတ်မှတ်ကြောင်းပြောကြားခဲ့သလို ဒီနှစ် နှောင်းပိုင်းလောက်မှာ နောက်တကြိမ်ပို့ပေးဖို့ရှိပြီး အဲဒီအခါကျရင် ကားထဲက ဖေါက်ခွဲရေးပစ္စည်းတွေလိုဗုံးမျိုး ရှာဖွေနိုင်တဲ့စက်မျိုးတွေပါတဲ့ စစ်သုံးပစ္စည်းတွေ ထပ်မံပေးပို့မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

တရုတ်စစ်လက်နက်တွေ အာဖဂန်ရောက်