တရုတ်နိုင်ငံမှာရှိတဲ့ နျူကလီးယားလက်နက်တွေဟာ တရားဝင်ခန့်မှန်းထားတဲ့ အရေအတွက်ထက် အဆပေါင်းများစွာ ပိုနိုင်တယ်လို့ အမေရိကန်တက္ကသိုလ် ပါမောက္ခတစ်ယောက်နဲ့ သူ့ရဲ့ ကျောင်းသားတွေက လေ့လာအစီရင်ခံထားတာကို လက်နက်ရေးရာ ကျွမ်းကျင်သူတွေက မေးခွန်း ထုတ်နေကြပါတယ်။
တရုတ်နိုင်ငံမှာရှိတဲ့ မြေအောက်ဥမင်လှိုင်ခေါင်းတွေဟာ ဒုံးပျံတွေနဲ့ နျူကလီးယားလက်နက်တွေကို လျို့ဝှက်ထားဖို့ ရည်ရွယ်ထားတာလို့လည်း လေ့လာချက်က ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံမှာ နျူကလီးယားလက်နက် ၂၅၀ လောက်ရှိမယ်လို့ တရားဝင် ခန့်မှန်းထားပေမဲ့ ၃,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ဂျော့ဂျ်တောင်းတက္ကသိုလ် ပါမောက္ခ ဖိလစ်ကာဘာ (Philip Karber) ဦးဆောင်တဲ့ သုတေသနက ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာကြောင့် တရုတ်နိုင်ငံရဲ့ နျူကလီးယား ပိုင်ဆိုင်မှုအပေါ် အချေအတင် ဖြစ်စရာတွေလည်း ထွက်ပေါ်လာပါတယ်။ အစီရင်ခံစာကိုတော့ တရားဝင် မထုတ်ပြန်ရသေးပေမဲ့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကြား ဖြန့်ဝေထားပြီး အမေရိကန် သတင်းမီဒီယာတွေကလည်း ဖော်ပြနေကြတာပါ။
အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်မှာ အကြီးတန်းအရာရှိတစ်ဦးအဖြစ် တာဝန်ယူဖူးသူ ပါမောက္ခ ကာဘာ ကို ဗွီအိုအေက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဒါပေမဲ့လည်း Union of Concerned Scientists သိပ္ပံပညာရှင်အဖွဲ့က ကျွမ်းကျင်သူ ဂရေ ဂိုရီ ကူလာကီ (Gregory Kulacki) ကတော့ ဂျော့ဂျ်တောင်း တက္ကသိုလ်ရဲ့ အစီရင်ခံစာ ပြုစုထားပုံဟာ နည်းလမ်းမကျဘူးလို့ သူယူဆတဲ့အကြောင်း ဗွီအိုအေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။