တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အတွက် ဒေါ်လာ ၅၇ ဘီလီယံ သုံးစွဲမည်

ဒေါ်လာ သန်းပေါင်း ၅၇ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်- ပါကစ္စတန် စီးပွါးရေးစင်္ကြန် စီမံကိန်းကို အာဖဂန်နစ္စတန် အထိ တိုးချဲ့ဖို့ လုပ်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကအင်္ဂါနေ့မှာ ပြောပါတယ်။ ဒါဟာ တရုတ်ရဲ့ အာရှ၊ ဥရောပနဲ့ တခြား နိုင်ငံတွေကို ပါ ဆက်သွယ်မယ့် ခါးပတ်လမ်း စီမံကိန်းကြီးရဲ့ အစိတ်အပိုင်း တခု ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ပါကစ္စတန်လွတ်လပ်ရေးရ ခဲ့ချိန်ကစပြီး ဆက်ဆံရေး အဆင်မပြေလှတဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နဲ့ ဆွေးနွေး ညှိနှိုင်းမှု တွေမှာ တရုတ်က ကြားဝင်ဆောင်ရွက်ပေးဖို့ ကြိုးစားနေတာပါ။ မကြာသေးခင်နှစ်တွေ အတွင်းမှာပဲ ပါကစ္စတန်ဟာ တာလီဘန်သူပုန်တွေကို ပံ့ပိုးပေးနေတယ်လို့ အာဖဂန်ဘက်က စွပ်စွဲမှုတွေကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ပိုပြီးတင်းမာနေပါတယ်။ ပါကစ္စတန်ကတော့ ဒါကို ငြင်းဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ပါကစ္စတန်ကရော အာဖဂန်နစ္စတန် ကပါ ၂ နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆောင်ရွက်ပြီး ဆက်ဆံရေး ပြေလည်အောင် ကြိုးစားမယ်လို့ ကတိပေးကြကြောင်း အင်္ဂါနေ့မှာပဲ ပြောကြားခဲ့ပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Khawaja Asif ကလည်း CPEC တရုတ် - ပါကစ္စတန် စီးပွါးရေးစင်္ကြန် အောင်မြင်စွာ အကောင်ထည် ဖေါ်ရေးဟာ အာဖဂန်၊ အီရန်နဲ့ အာရှ အရှေ့ပိုင်း အလယ်ပိုင်း ဒေသတွေ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ အလားတူ စီမံကိန်းတွေ ချမှတ်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့ စံနမူနာကောင်း တခု ဖြစ်ကြောင်း ပြောပါတယ်။

တရုတ်ဟာ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းချပြီး အရှေ့တောင်နဲ့ အလယ်အာရှဒေသတွေနဲ့ ကုန်းလမ်းမှာရော အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပကို ရေလမ်းနဲ့ပါ ကုန်သွယ်မှု တိုးမြှုင့်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အတွက် ဒေါ်လာ ၅၇ ဘီလီယံ သုံးစွဲမည်