နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံသား ၁၆ ယောက်ကို တရုတ်တရားစွဲ

တရုတ်−မြန်မာနယ်စပ်။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တဲ့သူ ၃၉ ယောက်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် Wenzhou မြို့ တရားရုံးက စွဲချက်တင်လိုက်တဲ့အကြောင်း တရုတ်နိုင်ငံထုတ် သတင်းတွေမှာ ရေးပါတယ်။

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေအတွက် တရားစွဲဆို အရေးယူလိုက်တဲ့အထဲမှာ မြန်မာနိုင်ငံသား ၁၆ ယောက်ပါဝင်ပါတယ်။ မြန်မာနိုင်ငံသား အမျိုးသားတဦးနဲ့ အမျိုးသမီးတဉီးကို အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူသတ်ရန်ကြံစည်မှု၊ ဖမ်းဆီးမှု၊ မူးယစ်ဆေး တရားမဝင်ရောင်းဝယ်မှုနဲ့ ပြည့်တန်ဆာမှု စတဲ့ အမှုမျိုးစုံနဲ့ တရားစွဲဆိုထားတာကိုလည်း သတင်းမှာ ဖေါ်ပြပါတယ်။

အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ယွမ်ငွေ ဘီလျံနဲ့ချီ ဆုံးရှုံးခဲ့ပြီး လူတော်တော်များများ သေဆုံးတာတွေ ဖြစ်ပွားခဲ့တာကြောင့် အမှုတွေနဲ့ ဆက်စပ်ပြီး သံသယရှိသူ ထောင်နဲ့ချီပြီးတော့လည်း Wenzhou မြို့ တရားရုံးက စစ်ဆေးနေပါတယ်။ တိုင်ကြားထားတဲ့ အမှု တသောင်းကျော်ကို လက်ခံ စစ်ဆေးနေတဲ့အကြောင်း Xinhua သတင်းမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ တရားရေး ရပိုင်ခွင့်၊ တရားခံအကျိုးဆောင် ရှေ့နေ ငှားရမ်းခွင့်နဲ့ ဘာသာပြန်ရှာပေးတာ စတဲ့ အခွင့်အရေးတွေ ပေးထားတဲ့အကြောင်း တရုတ်အစိုးရရှေ့နေတွေကို ကိုးကားပြီး သတင်းစာမှာ ဖေါ်ပြထားပါတယ်။