တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းခေါင်းဆောင် ကိုးကန့်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်

စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည့် လောက်ကိုင်မြို့မှာ ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသား (၃) ဦး

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ Online ငွေလိမ်ဂိုဏ်းတွေ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား မြီရှောက်ချန်း (Ming Xuechang) ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးစဉ် သူ့ကိုသူ အဆုံးစီရင်သွားတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

သူ့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူခံရမှာစိုးတဲ့အတွက် သူ့ကို ဖမ်းဆီးချိန်မှာ အသက် ၆၉ နှစ်အရွယ် မြီရှောက်ချန်းဟာ ဗုဒ္ဓဟူးနေ့ညက ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်ဆိုတာကို ယူနန်ပြည်နယ်၊ ကူးမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက ယူနန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှု၊ လူတွေကို သွေးဆောင်ဖျားယောင်းမှု၊ တရားမဝင်ချုပ်နှောင်မှုစတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြီရှောက်ချန်းအပြင် မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း (Ming Guoping (aka) Ming Xiaoping) ၊ မြီကျွီလန် (Ming Julan) ၊ မြီကျိန်းကျိန်း (Ming Zhenzhen) တို့ကို နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက် လောက်ကိုင်မြို့မှာ ဖမ်းဆီးခဲ့တာမှာ မြီရှောက်ချန်းက တရားမဝင် ကိုင်ဆောင်ထားတဲ့ ပစ္စတိုသေနတ်နဲ့ သူ့ကိုယ်သူ ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာကို ဆေးကုသမှုခံနေစဉ် သေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိသူတွေကိုတော့ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကနေ မြန်မာရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့လက်က လွှဲပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသွားတဲ့ မြီရှောက်ချန်းရဲ့ အလောင်းကိုတော့ လွှဲမပေးသေးဘဲ စစ်ဆေးအတည်ပြုမှုတွေ လုပ်နေတယ်လို့ပြောပါတယ်။ မြန်မာဘက်ကနေ တရုတ်ရဲလက်ကိုအပ်ခဲ့သူ ၃ ယောက်ကို ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဗျူရိုက ကိုင်တွယ်‌စစ်ဆေးနေတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်နေတာမို့ တရုတ်အစိုးရက အဲဒီဂိုဏ်းတွေကို နှိမ်နှင်းနိုင်ဖို့ ကြိုးစားနေတာမှာ မြီရှောက်ချန်းနဲ့ တခြား ဂိုဏ်းခေါင်းဆောင် ၃ ယောက်ကို ဖမ်းမိရင် ဒေါ်လာ ၇ သောင်းလောက်နဲ့ညီမျှတဲ့ ယွမ်ငွေ ၅ သိန်း ဆုကြေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။