မလေးလေယာဉ် Black Box အချက်ပေး ဖြစ်နိုင်တဲ့အသံ တရုတ်သင်္ဘော ကြားရ

တိုင်ဝမ်ဗုဒ္ဒဘာသာအသင်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ်က ခရီးသည်တွေဘေးကင်းရေး ဆုတောင်းမေတ္တာပို့သနေပုံ။

ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လိုက်ရှာနေတဲ့ တရုတ်သင်္ဘောတစီးက Ping signal သံကို ကြားနေရတယ်လို့ တရုတ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီအသံဟာ ပျောက်နေတဲ့လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကထုတ်လွှတ်နေတဲ့ အသံဖြစ်နိုင်ပါတယ်။

Signal သံကို တစက္ကန့်မှာ 37.5 KHz တကြိမ် ကြားရတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။ ဒီကြိမ်နှုန်းဟာ ရေအောက်ရောက် Black Box တွေကနေ ထုတ်လွှတ်တဲ့ နိုင်ငံတကာစံသတ်မှတ်ထားတဲ့ radio frequency ကြိမ်နှုန်းဖြစ်ပါတယ်။ တကယ်သာ Black Box က အချက်ပြနေမှုဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပြီဆိုရင် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ် ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Black Box signal ကို ဖမ်းယူနိုင်မဲ့ စက်ကိရိယာတပ်သင်္ဘောတွေ၊ စစ်သုံးနဲ့ ပုဂ္ဂလိကသုံး လေယာဉ်တွေကို သြစတြေးလျ နိုင်ငံ Perth မြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၁,၀၀၀ ကျော်မှာ ဖြန့်ကျက်ပြီး ဒီကနေ့ စနေနေ့မှာ ရှာဖွေနေကြပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ Black Box ရဲ့ Battery ကုန်သွားတော့မှာမို့ ရှာဖွေရေးကို တိုးမြှင့်လုပ်နေကြတာပါ။

Ping လို့ပြောကြတဲ့ Signal ထုတ်လွှတ်ပေးနေတဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာရဲ့ Battery ဟာ တနင်္လာနေ့လောက်အထိပဲ ခံတော့မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ Kuala Lumpur မြို့ကနေ Beijing မြို့ဆီအသွား လမ်းမှာ လေယာဉ်ပျောက်သွားတာ တနင်္လာနေ့မှာ ရက်ပေါင်း ၃၀ ပြည့်မှာဖြစ်ပါတယ်။

နိုင်ငံစုံပါဝင်တဲ့ လေယာဉ်ရှာဖွေရေးကို အကြီးအကျယ် လုပ်နေကြပေမဲ့လဲ ခုချိန်ထိတော့ လေယာဉ်နဲ့ပတ်သက်တဲ့ ဘာပစ္စည်းကိုမှာ ရှာမတွေ့ကြသေးပါဘူး။