ဝီဂါမွတ်ဆလင်တွေနဲ့ တိဘက်လူမျိုးတွေ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ ကနေဒါနိုင်ငံက အဖွဲ့အစည်း ၂ ခုနဲ့ လူပုဂ္ဂိုလ် ၂၀ ကို တရုတ်နိုင်ငံက လက်တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ပြည်ဝင်ခွင့်တားမြစ်တာ အပါအဝင် ဝီဂါအခွင့်အရေး လှုပ်ရှားမှုပရောဂျတ်အဖွဲ့နဲ့ ကနေဒါ-တိဘက် ကော်မတီ အပါအဝင် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို အရေးယူတဲ့ အစီအစဉ် မနေ့ကစတင် အသက်ဝင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့တာပါ။ ကနေဒါအခြေစိုက် အဖွဲ့အစည်း ၂ ခုရဲ့ ပြောင်းရွှေ့နိုင်တဲ့ ပိုင်ဆိုင်မှု၊ မပြောင်းရွှေ့နိုင်တဲ့ ပိုင်ဆိုင်မှုနဲ့ တရုတ်ပိုင်နက်ထဲက တခြားပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မယ်လို့လည်း ပြောပါတယ်။
ဝီဂါလှုပ်ရှားမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ် ၁၅ ယောက်နဲ့ တိဘက်ကော်မတီက ၅ ဦးကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို ဝင်ခွင့်မပြုဖို့လည်း တားမြစ်လိုက်တာပါ။ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသမှာ အများစုနေထိုင်ကြတဲ့ လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ ဝီဂါတွေအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဖိနှိပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ စွပ်စွဲထားကြပါတယ်။
အဓမ္မခိုင်းစေမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကိုတော့ တရုတ်အစိုးရက ငြင်းဆန်ထားတာပါ။ ၁၉၅၀ ပြည့်နှစ်မှာ ငြိမ်းချမ်းတဲ့ လွတ်မြောက်ရေး အမည်ခံပြီး ထိန်းချုပ်ခဲ့တဲ့ တိဘက်ဒေသမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ပြည်ပရောက် တိဘက်အရေး လှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။