တရုတ်ပြုပြင်ပြောင်းလဲမှု တီယန်နင်မင် မိခင်များ ဝေဖန်

Tiananmen Mothers အဖွဲ့။

တရုတ်သမ္မတ ရှီကျင်းပင် ဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ စပြီးဆောင်ရွက် ဖို့ ပျက်ကွက်နေပြီး တရုတ်နိုင်ငံကို မော်စီတုန်း ခေတ်အတွေးအခေါ်တွေ ဆီ ခေတ်နောက်ပြန်ဆွဲနေတယ်လို့ တရုတ်တက်ကြွလှုပ်ရှားသူ မိခင်များအဖွဲ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

သောကြာနေ့က အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Human Rights and China အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့၊ Tiananmen Mothers တက်ကြွလှုပ်ရှားသူအဖွဲ့ရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဆန္ဒပြသူ ၃,၀၀၀ လောက်သေဆုံးခဲ့ရတဲ့ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ တီယန်နင်မင် ရင်ပြင်နှိမ်နင်းမှုအတွက် တရုတ်အစိုးရခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဆောင်ရွက်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ၊ နှိမ်နှင်းသတ်ဖြတ်ခံရသူတွေရဲ့ အမည်စာရင်းအပြည့်စုံကို ထုတ်ပြန်ဖို့နဲ့ ကျန်ရစ်သူမိသားစုတွေကို လျှော်ကြေးပေးဖို့အတွက် ဒီအဖွဲ့က ထပ်ခါတလဲလဲ တောင်းဆိုနေတာဖြစ်ပါတယ်။

တရုတ်လူ့အဖွဲ့အစည်းထဲမှာ မျှော်လင့်ချက်ကင်းမဲ့မှုတွေ ကြီးစိုးလာနေပြီး မနှစ်က ရွေးချယ်ခံခဲ့ရတဲ့ သမ္မတ ရှီကျင်းပင် အပါအဝင် လက်ရှိ တရုတ်ခေါင်းဆောင်တွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်မယ့်သူ တစ်ယောက်မှမမြင်သေးဘူးလို့ Tiananmen Mothers အဖွဲ့ရဲ့ နောက်ဆုံးပေးစာထဲမှာ ရေးသားဖော်ပြထားပါတယ်။