ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ နှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာနေတာတွေ လျော့ပါးသွားစေဖို့ ရည်ရွယ်တယ်လို့ဆိုတဲ့ နိုင်ငံတော်ခရီးစဉ် တခုအတွက် တရုတ်သမ္မတ ဟူကျင်းတောင် (Hu Jintao) ဟာ အမေရိကန် ပြည်ထောင်စုဆီ ဦးတည် ထွက်ခွာလာနေပြီ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ တည်ခင်းဧည့်ခံမယ့် သီးခြား ညစာစားပွဲငယ် တခုအတွက် အင်္ဂါနေ့ ညနေမှာ မစ္စတာဟူ အချိန်မီ ရောက်လာဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက်မှာတော့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဆွေးနွေးပွဲတွေ လုပ်ကြမှာ ဖြစ်ပါတယ်။
ဂုဏ်သရေရှိ ဧည့်သည်တယောက်ကို အမြင့်ဆုံး ဂုဏ်ပြုတဲ့ အနေနဲ့ တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော် ညစာစားပွဲကိုတော့ ဗုဒ္ဓဟူးနေ့ညမှာ စီစဉ်ထားပါတယ်။
မစ္စတာဟူဟာ အမေရိကန်ရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ချီကာဂိုမြို့ဆီ သွားရောက်ပြီး စီးပွားရေးသမားတွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။
ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ တရုတ်လူထုအကြောင်း မြှင့်တင် ကြော်ငြာပေးတဲ့ ဗွီဒီယိုမှတ်တမ်း ဇာတ်လမ်းတခုကို နယူးယောက်မြို့တော်က Times Square မှာ ရုပ်သံဖန်သားပြင် အကြီးကြီးနဲ့ ပြသနေပါတယ်။ အဲဒီ ဗွီဒီယိုကို တရုတ်သမ္မတရဲ့ ခရီးစဉ်နဲ့ အချိန်ကိုက် စီစဉ် ပြသနေတာ ဖြစ်ပါတယ်။
Experience China လို့ အမည်ပေးထားတဲ့ ကြွေးကြော်သံရဲ့အောက်မှာ ရုပ်သံ ဖန်သားပြင် ၆ ခုကို ဆက်ပြီး ပြသနေတာပါ။ စက္ကန့် ၆၀ ပဲကြာတဲ့ အဲဒီကြော်ငြာမှာ သာမန် တရုတ်လူထုသာမက နာမည်ကျော် ဘတ်စကက်ဘော ကစားသမား ယောင်မင်း (Yao Ming)၊ စန္ဒယားပညာရှင် လန်လန် (Lang Lang) နဲ့ အာကာသယာဉ်မှူး ယန်လီေ၀ (Yang Liwei) တို့လို နိုင်ငံတကာက သိကြသူ အနည်းအကျဉ်းလည်း ပါဝင်ပါတယ်။