တရုတ်ဆန့်ကျင် ဆန္ဒပြပွဲ ဗီယက်နမ်မှာ ပြုလုပ်

တရုတ်ဆန့်ကျင် ဆန္ဒပြပွဲ ဗီယက်နမ်မှာ ပြုလုပ်

တရုတ်ဆန့်ကျင် ဆန္ဒပြပွဲ ဗီယက်နမ်မှာ ပြုလုပ်

ရေပြင်ပိုင်နက်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတဲ့ အခြေအနေက ပိုမို ဆိုးဝါးလာပြီးတဲ့နောက် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အသစ်တခုကို ဗီယက်နမ် အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။

လူ ၁၀၀ လောက်က ဟနွိုင်း (Hanoi) မြို့မှာ တနင်္ဂနွေနေ့က ဗီယက်နမ် အလံတွေ ဝှေ့ယမ်း၊ တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ တိုင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကို လုံထိန်းရဲတွေက ဝိုင်းထားခဲ့ကြပြီး နာရီဝက်လောက် ကြာပြီးတဲ့နောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲလိုက်ကြပါတယ်။ မြို့တော် လမ်းတွေပေါ်မှာ လှည့်လည်ချီတက် ဆန္ဒပြတာကိုလည်း အာဏာပိုင်တွေက ခွင့်ပြုခဲ့ကြပါတယ်။ နောက် ဆန္ဒပြပွဲ တခုကတော့ တောင်ပိုင်းက ဟိုချီမင်း (Ho Chi Minh) မြို့မှာ ဖြစ်ခဲ့တာပါ။

လူထုဆန္ဒပြပွဲတွေက ကွန်မြူနစ် ဗီယက်နမ်နိုင်ငံမှာ ဖြစ်ခဲလှပါတယ်။ ဒါပေမဲ့ အခု ဆန္ဒပြပွဲတွေကတော့ ဒုတိယမြောက် တနင်္ဂနွေပတ်မှာ ဆက်ဖြစ်ခဲ့တာပါ။ တောင်တရုတ်ပင်လယ်ထဲမှာ ဗီယက်နမ်ရဲ့ အချုပ်အခြာ အာဏာကို တရုတ်က ထိပါးတယ်လို့ စွပ်စွဲပြီး ဗီယက်နမ် အစိုးရက တရုတ်အစိုးရကို ကန့်ကွက်ခဲ့ပြီးတဲ့နောက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ တကယ့် ရေကြောင်း ပစ်ခတ် လေ့ကျင့်ပွဲတရပ်ကို အလယ်ပိုင်း ကမ်းခြေမှာ လုပ်မယ်လို့ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အခု ဆန္ဒပြပွဲတွေက အဲဒီ စစ်ရေးလေ့ကျင့်မှု မလုပ်မီ တရက်အလိုမှာ ကျင်းပတာ ဖြစ်ပါတယ်။