အမေရိကန် ဘဏ္ဍာရေးပြေလည်မှု တရုတ်ကြိုဆို

အမေရိကန်လွှတ်တော်အမတ်တွေက အသုံးစရိတ် ကန့်သတ်ချက် တိုးပေးလိုက်ပြီး ပေးရန်တာဝန် ပျက်ကွက်မယ့် အလားအလာ ကနေ နောက်ဆုံး အချိန်မှာ ရှောင်ရှားနိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဒီလိုဖြေရှင်းနိုင်ခဲ့တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်သလို၊ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှု အတွက် ကူညီရာလည်းရောက်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ ကပြောပါတယ်။

တရုတ်နိုင်ငံပိုင်သတင်းဌာနကတော့ အမေရိကန်ရဲ့ ဒီအကြပ်အတည်းကို ခပ်ပြတ်ပြတ် သုံးသပ်လိုက်ပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေက တကမ္ဘာလုံးကို ဓါးစာခံတွေအဖြစ် ပြန်ပေးဆွဲခဲ့ကြ တယ်လို့ ရှင်ဟွာသတင်းအယ်ဒီတာက စွပ်စွဲလိုက်ပါတယ်။ ဒီလိုမကြာခဏ ရင်ဆိုင်နေရတဲ့အတွက် အမေရိကန်ရဲ့ ငွေကြေးအာမခံစာချုပ်တွေဟာ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်တော့ဘူးလို့လည်း သတိပေးလိုက်ပါတယ်။

IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ Christine LaGarde ကလည်း အကြပ်အတည်း ပြေလည်သွားတဲ့အတွက် ကြိုဆိုပေမဲ့ အမေရိကန်လွှတ်တော်အမတ်တွေ အနေနဲ့ ဘဏ္ဍာရေးမူဝါဒကို ကိုင်တွယ်ရာမှာ မရေရာမှုတွေ ပတ်လည်ဝိုင်းနေတဲ့ အဖြစ်တွေလျော့ပါးရေးနဲ့ အသုံးစရိတ် ကန့်သတ်ချက်ကို ပိုပြီးတာရှည်ခံအောင် စဉ်းစားကြပါရန် တိုက်တွန်းလိုက်ပါတယ်။