စနေနေ့မှာစတင်တဲ့ တရုတ်အမျိုးသားလွှတ်တော်ရဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ဒီနှစ်အတွက် လူမှုရေးဆိုင်ရာ စီမံကိန်းတွေအတွက် ပိုမိုသုံးစွဲသွားမှာ ဖြစ်သလို ငွေကြေးဖောင်းပွမှုကို တိုးပြီးတိုက်ဖျက်သွားမယ်လို့ ကတိပေးလိုက်ပြီး ကမ္ဘာပေါ်က လူဦးရေအထူထပ်ဆုံး တရုတ်နိုင်ငံမှာ လူမှုရေးမတည်ငြိမ်မှုတွေ လျော့ပါးစေဖို့ ကြိုးစားလိုက်ပါတယ်။
ကွန်ပျူတာအင်တာနက်ကနေ အရှေ့အလယ်ပိုင်းဒေသတလွှားက ဆန္ဒပြမှုတွေနဲ့ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေက ခေါင်းဆောင်တွေ ပြုတ်ကျစေတဲ့ လူထုအုံကြွမှုမျိုးတွေ တရုတ်နိုင်ငံမှာလုပ်ဖို့ တောင်းဆိုနေတာမို့ တရုတ် အာဏာပိုင်တွေဟာ တက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးခဲ့ပြီး အင်တာနက်သုံးစွဲမှုကိုလည်း တိုးပြီး တင်းကျပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အဂတိလိုက်စားမှုတွေနဲ့အတူ ဝင်ငွေထွက်ငွေ မမျှမတဖြစ်နေတာကို အစိုးရက အသိအမှတ်ပြုကြောင်းနဲ့ တရုတ်ပြည်သူတွေရဲ့ ဝင်ငွေတွေ တိုးတက်စေရေး၊ အငြိမ်းစားလစာငွေတွေ တိုးမြင့်ပေးရေး၊ ဝင်ငွေနည်းပြည်သူတွေကို အခွန်လျော့ပေါ့ကောက်ခံရေး၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေအတွက် တိုးပြီး အစိုးရက ဒီနှစ်ထဲမှာ ၁၂.၅ ရာခိုင်နှုန်း သုံးစွဲသွားမယ်လို့ ကတိပြု ပြောကြားသွားပါတယ်။