တရုတ် ရှင်ကျန်းဒေသ ဗုံးကွဲမှု ၃၁ ဦးထက် မနည်း သေဆုံး

Xinjiang ပြည်နယ် ဗုံးခွဲတိုက်ခိုက်မှု ( မေ ၂၂၊ ၂၀၁၄)

တရုတ်နိုင်ငံ အနောက်ခြမ်း Xinjiang ပြည်နယ်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ Xinjiang ပြည်နယ်တွင်း လူမျိုးစုကွဲတွေ နေထိုင်ရှိနေတဲ့ မြို့တော်တွင်း လူစည်ကားရာ ဈေးတခုမှာ အခုလို တိုက်ခိုက်မှုဖြစ်တာပါ။ Sport ကား နှစ်စင်းဟာ Renmin ပန်းခြံနားက Urumqi မြို့တွင်း လူအုပ်ကို ဝင်ရောက် ထိုးတိုက်ခဲ့တာဖြစ်ပြီး၊ လူ ၉၀ ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် ရှင်ဝါ သတင်းမှာ ဖော်ပြပါတယ် ။

အဲ့ဒီနောက် ကားပေါ်ကနေ ပေါက်ကွဲပစ္စည်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး၊ အဲဒီမှာ ကြီးမားတဲ့ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ယဉ်တစင်းလည်း ပေါက်ကွဲသွားတယ်လို့ ရှင်ဝါ သတင်းမှာ ဖော်ပြပါတယ်။ ဒုတိယ ကားကတော့ ဘာဖြစ်သွားလဲဆိုတာ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှု ဘယ်သူလုပ်သလဲဆိုတာ ကြေညာပြောဆိုတာလည်း မရှိသေးပါဘူး။

လူမှုကွန်ယက်တွေမှာ တင်ထားတဲ့ ဓါတ်ပုံတွေမှာတော့ အခင်းဖြစ်တဲ့နေရာ ကနေ မီးခိုးလုံးတွေနဲ့ မီးတောက်တွေကို တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူအချို့ ကယ်ထုတ်နေတာတွေ့ရပြီး၊ အချို့လည်း လမ်းပေါ်မှာ လဲနေပါတယ်။ အခြေအနေတွေကတော့ ပြန်လည်တည်ငြိမ်စပြုနေပါပြီလို့ အနီးအနား ဟိုတယ်ဝန်ထမ်း တဦးက ဗွီအိုအေ မန်ဒရင်း ဌာနကို ပြောပါတယ်။

ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ ဒီတိုက်ခိုက်မှုမှာ တိုက်ခိုက်သူတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က သာမန်အရပ်သားတွေကို တိုက်ခိုက်ဆန့်ကျင်သူအဖြစ် ပြစ်တင်ဝေဖန်ပါတယ်။

Urumqi မှာရှိတဲ့ Xinjiang ဆေးတက္ကသိုလ်က အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးကတော့ ဒါဟာ ခွဲထွက်ရေးသမားတွေ လက်ချက်ဖြစ်မယ် လို့ ပြစ်တင်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း Urumqi ရထားဘူတာမှာ ဓါးနဲ့ ပေါက်ကွဲပစ္စည်းတွေ ကိုင်ဆောင်ထားတဲ့ သူတွေဟာ လူတွေကို တိုက်ခိုက်တာကြောင့် တဦးသေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ပါတယ်။

ပြည်ပရောက် Uighur အုပ်စုတွေကတော့ Uighurတွေရဲက ဘာသာတွေကို အထူးတင်းကြပ်ပြီး၊ အများစု ဟန်လူမျိုးကြီးအပေါ် သာလွန်တဲ့ အစိုးရမူဝါဒတွေကြောင့် အခုလို တိုက်ခိုက်မှုတွေဖြစ်လာစေတာလို့ ပြောပါတယ်။