တရုတ် Xinjiang နယ်ဆူပူမှု ၃၀ ခန့်သေဆုံး

Shanshan County, Xinjiang Province, China

တရုတ်နိုင်ငံ အနောက်ပိုင်းက လူမျိုးစုပေါင်းစုံ စုပေါင်းနေထိုင်ရာ Xinjiang ခရိုင်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားတဲ့ အဓိကရုဏ်းဟာ ၄ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ပြီး အဓိကရုဏ်းအတွင်း လူပေါင်း၂၇ ဦး သေဆုံးခဲ့ရတယ်လို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားတွေ ကိုင်ဆောင်ထားတဲ့ အုပ်စုတွေက ရဲစခန်းတွေ၊ ပြည်နယ်အစိုးရ အဆောက်အဦးတွေနဲ့ Shanshan ပြည်နယ်၊ Lukqun မြို့နယ်က ဆောက်လုပ်ရေးဝင်းတခုမှာ တိုက်ခိုက်ခဲ့ကြရာက စတင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အကြမ်းဖက်သမား ၁၀ ဦး သေဆုံးခဲ့ရသလို ရဲတွေမပစ်ခတ်ခင်က အကြမ်းဖက်သူတွေက လူတွေကို ဓားနဲ့ထိုးခဲ့ကြပြီး ရဲကားတွေကိုလည်း မီးတင်ရှို့ခဲ့တဲ့အတွက် လုံခြုံရေးတပ်သား ၉ ယောက် သေဆုံးခဲ့ရပြီး အရပ်သား ၁၀ ယောက် သေဆုံးခဲ့ရတယ်လို့ပါ ဖော်ပြ ထားပါတယ်။

ရဲတွေက အကြမ်းဖက်သမား ၃ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေသူတွေကို ဖမ်းဖို့ လိုက်လံရှာဖွေနေတယ်လို့ ဖော်ပြခဲ့ပေမဲ့ ဒီအကြမ်းဖက်မှုတွေ ဘယ်လိုစတင်ခဲ့တယ်ဆိုတာနဲ့ အကြမ်းဖက်မှုမှာ ဘယ်တိုင်းရင်းသားတွေ ပါဝင်ပတ်သက်နေတယ် ဆိုတာတွေကိုတော့ ဖော်ပြမထားပါဘူး။

Xinjiang ခရိုင်ဟာ နှစ်ပေါင်းများစွာ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတခုဖြစ်ပြီး အဲဒီဒေသမှာ နေထိုင်သူ မူဆလင် Uighur လူနဲစုတွေနဲ့ ဒေသခံ အများစု Han တရုတ်လူမျိုးတွေကြား ရန်ပွဲတွေ အမြဲလိုလို ဖြစ်ပွားနေတာပါ။ Uighur လူနဲစုတွေကတော့ အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ အဲ့ဒီဒေသကို ရွှေ့ပြောင်းရောက်လာတဲ့ Han လူမျိုးတွေနဲ့ သူတို့ကို ဘာသာရေးအရရော၊ ယဉ်ကျေးမှုအရပါ ခွဲခြားပြီး အဆက်ဆံ ခံရတာတွေကြောင့်လို့ ဆိုပါတယ်။