တရုတ်နိုင်ငံက သူတို့ရဲ့ကမ်းရိုးတန်း တလျှောက်မှာ အမေရိကန်တို့ အနီးကပ် ထောက်လှမ်း စောင့်ကြည့်နေတာကို အမြန်ဆုံး ရပ်ဆိုင်းဖို့ တောင်းဆို လိုက်ပါတယ်။ တရုတ်တိုက်လေယာဉ်နှစ်စင်းနဲ့ အမေရိကန် စစ်ဘက်လေယာဉ်တစင်းတို့ကြား - ပန်တဂွန် စစ်ဌာနချုပ်ရဲ့ အဆိုအားဖြင့် - ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ထိ အနီးကပ် ပျံသန်းတဲ့အခြေအနေ ဖြစ်ပြီးတဲ့နောက် တရုတ်ဘက်က အဲဒီလို တောင်းဆိုတာပါ။
တောင်တရုတ်ပင်လယ်ထဲက နိုင်ငံတကာ ရေပိုင်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန်ရေတပ်ပိုင် ကင်းထောက်လေယာဉ်နဲ့ ပေ ၅၀ အကွာနားအထိ တရုတ်တိုက်လေယာဉ် ၂ စင်းပျံသန်းလာခဲ့တယ်လို့ Pentagon စစ်ဌာနချုပ်က ပြောထားတာပါ။
ဒါပေမဲ့လည်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hong Lei ကတော့ ဘာဖြစ်ခဲ့တယ် ဆိုတာအပေါ် ပန်တဂွန်ကပြောတာဟာ မမှန်ဘူးလို့ ဒီကနေ့ပြောပါတယ်။
တရုတ် တိုက်လေယာဉ်နှစ်စင်းဟာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အမေရိကန်လေယာဉ်ကို ခြေရာခံပြီး စောင့်ကြည့်ခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ တိုက်လေယာဉ်တွေဟာ ဘေးအန္တရာယ်မရှိတဲ့ အကွာအဝေးကနေ တောက်လျှောက်ပျံသန်းခဲ့ပြီး အန္တရာယ်ဖြစ်စေတဲ့လုပ်ရပ်မျိုး မလုပ်ခဲ့ဘူးလို့ဆိုပါတယ်။
ကြားဖြတ်တားဆီးတာဟာ တရုတ်နိုင်ငံတောင်ပိုင်း Hainan ကျွန်းနားမှာ ဖြစ်ခဲ့ပြီး ဒါဟာ တရုတ်လေပိုင်နက်အပေါ် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောခွင့်ရ Hong Lei ကပြောပါတယ်။
Your browser doesn’t support HTML5