အမေရိကန် ဆက်သွယ်ရေးကွန်ရက်ထဲ တရုတ်ဟက်ကာတွေ ခိုးဝင်

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ကြမယ့် သမ္မတလောင်းတွေရဲ့ စည်းရုံးမဲဆွယ်ရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ ခိုးယူနိုင်အောင် တရုတ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ဟက်ကာတွေက အမေရိက န်ဆက်သွယ်ရေးစနစ်တွေထဲကို ထိုးဖောက်ခိုးဝင်ခဲ့ကြတယ်လို့ အမေရိကန် လုံခြုံရေးဌာနတွေက ပြောလိုက်ကြပါတယ်။

အမေရိကန်က ပုဂ္ဂလိကဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေထဲ တရုတ်နဲ့ ဆက်သွယ်နေတဲ့ အွန်လိုင်းအဖွဲ့တွေ ထိုးဖောက်ခိုးဝင်မှု ဖြစ်ခဲ့တာကို စုံစမ်းနေတယ်လို့ ပြည်ထောင်စု စုံစမ်းရေးဗျူရို FBI နဲ့ ဆိုင်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးဌာန CISA တို့က သောကြာနေ့က ပြောကြားခဲ့ကြတာပါ။

ဘယ်သူတွေ ပစ်မှတ်ထားခံရသလဲဆိုတာကိုတော့ FBI ထုတ်ပြန်ချက်မှာ မပြောပါဘူး။ ဒါပေမဲ့ Republican သမ္မတလောင်း Donal Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့သုံးတဲ့ ဆက်သွယ်ရေးကွန်ရက်ထဲကို ဆိုင်ဘာသူခိုးတွေက ကြားဖြတ်ဝင်ရောက်ထောက်လှမ်းဖို့ ကြိုးစားခဲ့ကြတယ်ဆိုတာကို New York Times သတင်းစာကြီးက သတင်းဖော်ပြခဲ့ပြီးနောက် အခုလို တရုတ်ဟက်ကာတွေ ခိုးဝင်ခဲ့တယ်ဆိုတာ အစိုးရလုံခြုံရေးအေဂျင်စီတွေက ပြောကြားခဲ့ကြတာပါ။

သမ္မတလောင်း Trump နဲ့ ဒုသမ္မတလောင်း JD Vance တို့ရဲ့ လက်ကိုင်မိုဘိုင်းဖုန်းထဲက အချက်အလက်တွေကို တရုတ်ဟက်ကာတွေက အဓိက ရယူနိုင်အောင်လုပ်ခဲ့ကြတာလို့ စုံစမ်းမှုအကြောင်း သိထားတဲ့သူတွေက ပြောပြကြပါတယ်။

Democrat သမ္မတလောင်း Kamala Harris အောင်နိုင်ရေး စည်းရုံးရေးအဖွဲ့ဝင်တွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း တရုတ်ဟက်ကာတွေ ကြားဖြတ်ထောက်လှမ်းခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးမှုအကြောင်းသိထားတဲ့ နောက်တယောက်က VOA ကိုပြောပါတယ်။ ဒီလိုအွန်လိုင်းကနေ ဖောက်ထွင်းခိုးယူမှုမှာ ဟက်ကာတွေလက်ထဲ အချက်အလက်တွေ ဘယ်လောက်ပါသွားသလဲ၊ ဖုန်းပေါ်မှာ ပြောတဲ့စကားတွေကို တချိန်နဲ့ တပြေးညီ ကြားဖြတ်နားထောင် ထောက်လှမ်းနိုင်ခဲ့သလား ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဝါရှင်တန်က တရုတ်သံရုံးကတော့ တရုတ်ဟက်ကာတွေ ထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အချက်အလက်မှားတွေ ဖြစ်တယ်လို့ ပြောကြားပယ်ချခဲ့ပါတယ်။