မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေး တရုတ်ဆက်လက် တွန်းအားပေးမည်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun, စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ

လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆက်လက်တွန်းအားပေးသွားမယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲကြဖို့ တရုတ်နိုင်ငံက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်ဖျောင်းဖျနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Mao Ning က ဘေဂျင်းမြို့တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာကို မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံနဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသက အခြေအနေတွေကို သတိထားစောင့်ကြည့်နေပြီး အမြန်ဆုံးပြန်လည် တည်ငြိမ်လာဖို့ မျှော်လင့်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက အခုလို ပြောဆိုခဲ့တာပါ။

တရုတ်အထူးကိုယ်စားလှယ် သွားခဲ့တဲ့အချိန်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေက သိမ်းယူလိုက်ကြောင်း ကြေညာခဲ့တာကြောင့် စစ်ကောင်စီအတွက် စစ်ရေးအရ အထိနာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တရုတ်နိုင်ငံမှာ တွေ့ဆုံမယ့် ဆွေးနွေးပွဲကို စစ်ကောင်စီက မတက်ရောက်ဖို့ ငြင်းဆန်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် တွေ့ဆုံမှုအတွက် ကမကထလုပ်ခဲ့တဲ့ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် နေပြည်တော်ကို သွားခဲ့တာလည်း ဖြစ်ပါတယ်။