မြန်မာကဖမ်းထားတဲ့ အွန်လိုင်းရာဇဝတ်မှု ကျူးလွန်သူ ၁၁ ဦးကို တရုတ်ပြန်ခေါ်

Suspected of telecom fraud are escorted by Chinese police SWAT team

မြန်မာဘက်က ဖမ်းထားတဲ့ အင်တာနက် အွန်လိုင်းရာဇဝတ်မှုနဲ့ သံသယတရားခံ ၁၁ ဦးကို တရုတ်ဘက်က ပြန်ခေါ်သွားပါပြီ။

မြန်မာရဲတွေအနေနဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ထိန်းသိမ်းထားခဲ့တဲ့ အွန်လိုင်း လိမ်လည်မှု သံသယ ရှိသူတွေကို မကြာခင်ကဘဲ၊ တရုတ်ရဲတွေက ပြန်ခေါ်လာခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနက မနေ့ ဩဂုတ်လ ၂၅ ရက်နေ့ကပဲ ထုတ်ပြန်လိုက်တာပါ။

သံသယတရားခံတွေအနေနဲ့ တရုတ်ပြည်မကြီးဘက်က လူတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ဖျားယောင်းဆွဲဆောင်ခဲတယ်လို့ တရုတ် လုံခြုံရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ခဲ့တာကို တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြလိုက်တာပါ။

လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံထဲ ဒီအွန်လိုင်း လိမ်လည်မှုအဖွဲ့တွေကို ဖမ်းဆီးနှိမ်နင်းမှုတွေ များလာတာကြောင့်၊ အဖွဲ့တွေအနေနဲ့ တခြားနိုင်ငံတွေကို ရွှေ့တာပိုများလာခဲ့တယ်လို့လည်း ကြေညာချက်မှာ ဆက်ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီနှစ်ဆန်းပိုင်းကစပြီး တရုတ်ရဲတွေအနေနဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင်က ရဲတွေနဲ့ ပူးတွဲစစ်ဆေး နှိမ်နင်းမှု လုပ်ခဲ့တာကနေ၊ အခုထိ သံသယရှိသူပေါင်း ၃၀၀ ကျော်ဖမ်းဆီးခဲ့ပြီး အမှုတွေအားလုံးကို စစ်ဆေးနေဆဲလို့လည်း ကြေညာချက်မှာ ရှင်းပြခဲ့ပါတယ်။

ကြာသာပတေးနေ့တုန်းကတော့ အခုလို သံသယနဲ့ မြန်မာဘက်က ဖမ်းထားသူ ၂ ဦးကို ရန်ကုန် နိုင်ငံတကာလေဆိပ်ကနေ တရုတ်ဘက်ကို လွှဲပေးခဲ့တယ်လို့ မြန်မာနိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီထဲက တယောက်ကကတော့ တယ်လီဖုန်းကနေတဆင့် လိမ်လည်နေတဲ့ကိစ္စတွေမှာ အရေးပါတဲ့သူတဦး ဖြစ်တယ်လို့ ပြောထားပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

မြန်မာနယ်စပ်တလျှောက် အွန်လိုင်း လိမ်လည်မှု လုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ တရုတ်ဘက်က မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြောကြားခဲ့ပြီးတဲ့နောက် အခုလို ဖမ်းဆီးပြန်ပို့မှုတွေ ထပ်ဖြစ်လာတာပါ။

ဒီမတိုင်ခင် ဇွန်လတုန်းကလည်း အခုလို သံသယရှိသူ ၆ ဦးကို မြန်မာဘက်ကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာ သတင်းစာတွေမှာ ဖော်ပြခဲ့ပါသေးတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံ နယ်စပ်တွေမှာ ဒီ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်အပါအဝင် တခြားနိုင်ငံသားတွေကို လစာကောင်း အလုပ်တွေရမယ်လို့ ဖျားယောင်းပြီးနောက်မှာ အတင်းအဓမ္မ အလုပ်ခိုင်း ထိန်းချုပ်လာခဲ့တာ ဖြစ်ပါတယ်။