VOA နဲ့ ဆက်သွယ်မေးမြန်းနေစဉ် တရုတ်ပါမောက္ခ အဖမ်းခံရ

တရုတ်နိုင်ငံ၊ Shandong တက္ကသိုလ်က အငြိမ်းစားပါမောက္ခ Wenguang Sun

တရုတ်နိုင်ငံ၊ Shandong တက္ကသိုလ်က အငြိမ်းစားပါမောက္ခ Wenguang Sun

တရုတ်နိုင်ငံ၊ Shandong တက္ကသိုလ်က အငြိမ်းစားပါမောက္ခတဦးဟာ ဗွီအိုအေ မန်ဒရင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းတခု လုပ်နေချိန်အတွင်း တရုတ်ရဲတပ်ဖွဲ့က ပါမောက္ခရဲ့အိမ်ထဲကို တံခါးချိုးဖျက်ပြီး ဝင်ခဲ့ပါတယ်။ ပါမောက္ခ Wenguan Sun ဟာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဝေဖန်ပြောဆိုသူဖြစ်ပြီး ဗွီအိုအေ မန်ဒရင်းဌာနရဲ့ “Opinions” ဆိုတဲ့ ရုပ်သံ ဆွေးနွေးခန်းအစီအစဉ်မှာ ပါဝင်ဆွေးနွေးနေချိန်အတွင်း ရဲတွေ အိမ်တံခါးဖျက်ဝင်လာတဲ့ အခြေအနေကို ကြုံရတာပါ။

ပါမောက္ခ Wenguan Sun ဟာ တရုတ်နိုင်ငံ၊ Shandong ပြည်နယ်၊ Jinan မြို့တော်မှာ နေထိုင်သူပါ။ ဗုဒ္ဓဟူးနေ့ညက အဲဒီ အစီအစဉ်ထုတ်လွှင့်ချိန်အတွင်း ပါမောက္ခ Sun ကို သူ့နေအိမ်ကနေ ခေါ်ထုတ်သွားပြီးတဲ့နောက် သူ့ရဲ့ ဆဲလ်ဖုန်း၊ WeChat လူမှုကွန်ယက် ဆက်သွယ်ရေးမီဒီယာတွေကနေတဆင့် မန်ဒရင်းဘာသာဌာနက ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့လည်း ပါမောက္ခဘက်က တုန့်ပြန် ပြောဆိုတာကို မရပါဘူး။

“ကျနော့်အမြင်ကို ကျနော် ပြောပိုင်ခွင့်ရှိပါတယ်၊ ဒါဟာ ကျနော့်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပါ” ဆိုတဲ့စကားတွေဟာ ဆွေးနွေးခန်းအစီအစဉ်မှာ ပါမောက္ခ Sun တယ်လီဖုန်းကနေတဆင့် ပြောသွားတဲ့ နောက်ဆုံးစကားတွေပါပဲ။

ဘေဂျင်းမြို့တော်အခြေစိုက် ဗွီအိုအေသတင်းထောက် Yibing Feng က တရုတ်နိုင်ငံခြားရေး သတင်းပြန်ကြားရေးဌာနကို မှတ်ချက်မေးဖို့ တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ အများပြည်သူဆက်သွယ်ဖို့ ပေးထားတဲ့ မိုဘိုင်းဖုန်းက ပိတ်ထားပြီး လိုင်းဖုန်းကို ဖြေဆိုမယ့်သူမရှိပါဘူး။

Shandong တက္ကသိုလ်၊ အများပြည်သူလုံခြုံရေးဌာနနဲ့ Jinan မြို့၊ အများပြည်သူလုံခြုံရေးဗျူရိုတို့ကိုလည်း သတင်းထောက် Feng က ဆက်သွယ်မေးမြန်းပေမဲ့ ဘယ်ဌာနကမှ ဖြေဆိုခြင်းမရှိပါဘူး။