မြန်မာနယ်စပ်က ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အန္တရာယ် ထိုင်းနိုင်ငံ ကြိုတင်ကာကွယ်

ရွှေကုက္ကိုလ် Source: C J

မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေ နယ်စပ်ဖြတ်ကျော် ကူးစက်မှာကို ကြိုတင်ကာကွယ်ဖို့ ထိုင်းနိုင်ငံက ပြင်ဆင်နေပါတယ်။ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မှာ ရောဂါဖြစ်ပွားနေတာကြောင့် ကြိုတင်ကာကွယ်ဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက Tak ခရိုင်မှာ အရေးပေါ်ဌာနတွေ ဖွင့်လှစ်လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့တာပါ။

အရေးပေါ် ကျန်းမာရေး စီမံချက်အဖြစ် နယ်စပ်ဒေသက လူမှုအသိုက်အဝန်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဒုက္ခသည်စခန်းတွေမှာ ရောဂါကူးစက်နိုင်တဲ့ အခြေအနေကို စောင့်ကြည့်မှာဖြစ်ကြောင်းလည်း ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန် Dr. Opas Karnkawinpong က ပြောပါတယ်။

မြန်မာနိုင်ငံ ရွှေကုက္ကိုလ်နဲ့ တဖက်ခြမ်း ထိုင်းနိုင်ငံက Mae Ramat နဲ့ Mae Sot မြို့တွေမှာ စက်ရုံအလုပ်ရုံတွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ အများအပြား ရှိနေတာကြောင့် ကူးစက်မှုအန္တရာယ်များတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် နှစ်သစ်ကူး အားလပ်ရက်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြ၊ အစားအသောက်တွေ ဝေမျှစားသောက်ကြတာတွေကြောင့် ကူးစက်မှု ဖြစ်မှာကို စိုးရိမ်နေတာပါ။

ထိုင်းအရေးပေါ် ကျန်းမာရေး အစီအစဉ်မှာတော့ သောက်သုံးရေ သန့်ရှင်းမှု ရှိမရှိ စောင့်ကြည့်မှာ ဖြစ်သလို၊ ရွှေ့ပြောင်းဝင်ရောက်သူတွေ အပါအဝင် အများပြည်သူကို တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့လည်း တိုက်တွန်းသွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။