CIA ပြန်လည် ဖွဲ့စည်းမည်

CIA

CIA

အမေရိကန် CIA ထောက်လှမ်းရေးအဖွဲ့ရဲ့ ဆိုင်ဘာစွမ်းရည် ပိုကောင်းလာစေဖို့နဲ့ သူလျှိုလုပ်ငန်းတွေမှာ အားနည်းချက်တွေ နည်းသွားစေဖို့ရည်ရွယ်ပြီး အဖွဲ့ကို အကြီးအကျယ် ပြန်ဖွဲ့စည်းဖို့ လုပ်ဆောင်နေပါတယ်။ အဖွဲ့ရဲ့ စီမံခန့်ခွဲမှု စနစ်ကို ပြင်ပ ကျွမ်းကျင်သူတွေက လပေါင်းများစွာ လေ့လာ သုံးသပ်ကြပြီးတဲ့နောက် CIA ညွှန်ကြားရေးမှူး ဂျွန် ဘရန်နန် (John Brennan) က သောကြာနေ့မှာ အဲဒီလိုကြေညာတာပါ။

သူလျှိုလုပ်ငန်းတွေ လုပ်ဆောင်ပုံကို ပြောင်းလဲစေခဲ့တဲ့ ဆိုင်ဘာနည်းပညာ တိုးတက်မှုပေါ်မှာ အထူးအာရုံစိုက် လုပ်ဆောင်မယ့် ဒစ်ဂျစ်တယ်လ် ဆန်းသစ်တီထွင်မှုညွှန်ကြားရေးမှူးဆိုတဲ့ ထိပ်တန်းအဆင့် ရာထူးအသစ် တခုကို ဖြည့်စွက်မယ်လို့ မစ္စတာဘရန်နန်က ပြောပါတယ်။
နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲတခုကတော့ လုပ်ငန်းလုပ်ဆောင်တဲ့ ဌာနတွေနဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်တဲ့ ဌာနတွေအကြား ကာလရှည်ကြာ ခွဲထားတာကို CIA က အဆုံးသတ်လိုက်တာပါပဲ။

နဂိုစနစ်ဟောင်းအရ ဝန်ထမ်းအစုတစုက အချက်အလက်တွေကို ရယူစုဆောင်းပြီး နောက်အစုတစုက လေ့လာသုံးသပ်ရတာဖြစ်ပါတယ်။
အစီအစဉ်သစ်အရ အဲဒီဌာနတွေကို လုပ်ငန်းဌာနအသစ် ၁၀ ခုအဖြစ် ပေါင်းစပ်လိုက်မှာပါ။

အဲဒီဌာနတွေဟာ သတ်မှတ် လုပ်ငန်း ကိစ္စရပ်တခုစီ ဒါမှမဟုတ် ကမ္ဘာပေါ်က သတ်မှတ် ပထဝီဒေသတခုစီကို အာရုံစိုက် လုပ်ဆောင်မှာဖြစ်ပါတယ်။ လက်ရှိမှာကိုပဲ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဌာန အပါအဝင် အဲဒီလို လုပ်ငန်းသတ်မှတ်ဌာန အများအပြားနဲ့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။