Trump ရှီကာဂို မဲဆွယ်စည်းရုံးပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

မတ်လ ၁၁ရက်နေ့က University of Illinois-Chicago တက္ကသိုလ်တွင် ကျင်းပမည့် ဒါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးပွဲမတိုင်ခင် ၎င်းကို ဆန့်ကျင်ကန့်ကွက်သူများက ရှီကာဂိုမြို့တွင် ဆန္ဒပြနေကြစဉ်။ ဓါတ်ပုံ (AP Photo/Matt Marton)

ရှီကာဂိုမြို့မှာလုပ်မယ့် မဲဆွယ်စည်းရုံးပွဲမှာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်အောင် လှုံ့ဆော်တယ်ဆိုပြီး ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေသူ Donald Trump ကို လူတချို့က အပြစ်တင်ပြောဆိုကြပါတယ်။ အဲဒီမဲဆွယ်စည်းရုံးပွဲလုပ်ဖို့ စီစဉ်ထားတဲ့နေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာကြောင့် ပွဲကိုလည်း ဖျက်လိုက်ရပါတယ်။

သောကြာနေ့ညက မဲဆွယ်စည်းရုံးပွဲစင်မြင့်ပေါ်ကို Donald Trump ရောက်မလာခင်မှာ ထောင်ပေါင်းများစွာသော ဆန္ဒပြကန့် ကွက်သူတွေနဲ့ မစ္စတာ Trump ကို ထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ကြတာပါ။

ကြမ်းကြမ်းရမ်းရမ်းဖြစ်ကြတာကို မစ္စတာ Trump က ပယ်ချပြီး ဆန္ဒပြသူတွေဟာ အခြေခံဥပဒေအရ သူ့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တယ်လို့ ဆိုပါတယ်။ မတ်လ ၁၅ ရက်၊ အင်္ဂါနေ့မှာလုပ်မယ့် အီလီနွိုင်းပြည်နယ် primary ပဏာမ ရွေးချယ်ပွဲမတိုင်ခင် သူ့ကိုထောက်ခံသူတွေကို မိန့်ခွန်းပြောဖို့ မစ္စတာ Trump က စီစဉ်ထားတာပါ။

ဆန္ဒပြတဲ့အတွက် အရင်က အကျိုးဆက်တွေ ရှိခဲ့ဖူးပေမဲ့ အခုတော့ ဘယ်လို အကျိုးဆက်တွေမှ ဖြစ်မလာဘူးဆိုတာကို ဆန္ဒပြ သူတွေ နားလည်ကြတယ်လို့ St. Louis မြို့ မဲဆွယ်စည်းရုံးပွဲမှာ မစ္စတာ Trump ကပြောပါတယ်။ အဲဒီမှာလည်း ဆန္ဒပြသူတွေ ရှိတာကြောင့် လုံခြုံရေးတွေက ရှင်းပြီးတော့မှပဲ သူ မိန့်ခွန်း ပြောနိုင်တာပါ။

ရှီကာဂိုမှာဖြစ်တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ပြီး Trump ရဲ့ပြိုင်ဘက်ဖြစ်သူ အထက် လွှတ်တော်အမတ် Marco Rubio က Trump ကို အပြစ်တင် ပြောဆိုတာမျိုးမလုပ်တော့ပေမဲ့ Trump ရဲ့ အပြောအဆိုတွေက အခုလို ပေါက်ကွဲမှုတွေကို ဖြစ်လာစေ တယ်လို့ပြောပါတယ်။