ရာသီဥတုညီလာခံ နိုင်ငံပေါင်း ၂၀၀ နီးပါး တက်ရောက်

တောင်အာဖရိက သမ္မတ Jacob Zuma ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်။ (နိုဝင်ဘာလ ၂၈၊ ၂၀၁၁)

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့ နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်တွေဟာ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ၁၂ ရက်ကြာ ကျင်းပမယ့် ဒီညီလာခံကို ဒီကနေ့စတင်မှာဖြစ်ပြီး ရှေ့နှစ်မှာ သက်တမ်းကုန်မယ့် Kyoto သဘောတူညီချက် သက်တမ်းတိုးဖို့ကိစ္စ အဓိက ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေအနေနဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုပမာဏကို ၂၀၁၂ ခုနှစ်မှာ အတိုင်းအတာတစ်ခုအထိ လျှော့ချဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက် နောက်ဆက်တွဲကြိုးပမ်းမှုဖြစ်တဲ့ ပြီးခဲ့တဲ့ ၂ နှစ်က ကိုပင်ဟေဂင်မှာ ကျင်းပခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံချိန်ကတည်းကစလို့ ဒီကိစ္စ စေ့စပ်ညှိနှိုင်းမှုတွေ ရပ်ဆိုင်းသွားခဲ့တာပါ။ ဒီတကြိမ် ညီလာခံကနေ သဘောတူညီချက်သစ် ရရှိဖို့ ယုံကြည်သူ အနည်းစုသာရှိပေမဲ့ ကိုယ်စားလှယ်တွေကတော့ မျှော်လင့်နေကြတဲ့ အကြောင်း ဒီကနေ့ ပြောပါတယ်။

တိုင်းပြည်တွေအနေနဲ့ အခုဆွေးနွေးနေတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ သူ ယူဆကြောင်း တက်ရောက်သူတစ်ဦးက ဆိုသလို အရင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့ညီလာခံတွေမှာ အောင်မြင်မှု မရခဲ့တဲ့ကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ပြီး ရှေ့ဆက်သွားကြရမှာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစောပိုင်း ကြိုးပမ်းချက်တွေကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးစနိုင်ငံတွေအကြား တာဝန် ဝတ္တရားတွေ ဘယ်လို ညီမျှအောင်လုပ်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။