ကမ္ဘာ့အပူချိန်တိုးတိုင်း ပင်လယ်ရေမျက်နှာမြင့်တက်

ကမ္ဘာကြီးရဲ့အပူချိန် ၁ ဒီဂရီ ဆဲလ်ဆိယက် တိုးလာတိုင်းမှာ ပင်လယ်ရေ မျက်နှာပြင်ဟာလည်း ၇ ပေခွဲလောက် မြင့်တက်လာတဲ့အကြောင်း ရာသီဥတု အပြောင်းအလဲတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက အစီရင်ခံစာသစ် တစောင်မှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ ခန့်မှန်းမှုဟာ လာမယ့် နှစ်ပေါင်း ၂ ထောင်လောက်အထိ မှန်ကန်နိုင်တယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။ ရာသီဥတု ပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မှာ အပြောင်းအလဲတွေ ဖြစ်လာတဲ့အကြောင်းကို အစောပိုင်း လေ့လာမှုတွေကလည်း ဖော်ပြခဲ့တာပါ။

ဒါပေမဲ့ အခုနောက်ဆုံးလေ့လာမှုကတော့ အနာဂတ်မှာ ကမ္ဘာကြီးရဲ့ ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲကို ကွန်ပျူတာနည်းပညာတွေ သုံးပြီး အချက်အလက်တွေကို တိုင်းတာထားသလို၊ သူတို့ရဲ့လေ့လာမှုဟာ သမိုင်းဝင် ရာသီဥတုဆိုင်ရာ အထောက်အထားတွေ ဖြစ်တယ်လို့ ရာသီဥတုပြောင်းလဲမှုတွေနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို လေ့လာတဲ့ Potsdam ဌာနက သုတေသီအဖွဲ့က ပြောပါတယ်။

ရူပဗေဒ ပညာနဲ့အထောက်အထားတွေကို ပေါင်းစပ်ထားတာကြောင့် သူတို့ရဲ့ ခန့်မှန်းမှုဟာ မှန်ကန်လိမ့်မယ်ဆိုတာကို ယုံကြည်တယ်လို့ အစီရင်ခံစာကို ဦးဆောင်ရေးသားသူ Anders Levermann က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့လေ့လာမှုတွေအရ လေထုတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုးလာနေတာတွေကြောင့် လာမယ့် အနှစ် ၃၀ အတွင်း ကမ္ဘာကြီးရဲ့ အပူချိန်ဟာ ၂ ဒီဂရီ ဆဲလ်ဆိယက်လောက် တိုးလာနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။